ယူကရိန်းဒုံးကျည် ထိမှန်ပြီး အကြီးအကျယ် ထိခိုက်ပျက်စီးသွားသည် ဆိုသော ရုရှ စစ်သင်္ဘောကြီး နစ်မြုပ်

ယူကရိန်းဒုံးကျည် ထိမှန်ပြီး အကြီးအကျယ် ထိခိုက်ပျက်စီးသွားသည် ဆိုသော ရုရှ စစ်သင်္ဘောကြီး နစ်မြုပ်
Photo - AFP

ဧပြီ ၁၅

ရုရှ၏ ပင်လယ်နက် ရေတပ်သင်္ဘောစုမှ စစ်သင်္ဘောကြီးတစ်စင်းသည် အကြီးအကျယ် ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့ပြီးနောက် ဧပြီ ၁၄ ရက်က နစ်မြုပ်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ထိုစစ်သင်္ဘောကြီးသည် မီးလောင်မှုဖြစ်ပြီး လက်နက်ခဲယမ်း ပေါက်ကွဲမှုတစ်ခုကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့သည်ဟု ရုရှဘက်က ပြောဆိုသော်လည်း ယူကရိန်းကမူ ၎င်းတို့ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သော ဒုံးကျည်တိုက်ခိုက်မှုတစ်ခုကြောင့် ထို ရုရှစစ်သင်္ဘောကြီး ထိခိုက်ပျက်စီးသွားခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။

တစ်ချိန်တည်းမှာပင် နယ်စပ်တစ်လျောက် ယူကရိန်းသည် ခံစစ်ခွင်မှ ထွက်တိုက်မှုများ လုပ်ဆောင်ရာတွင် မိမိတို့၏ အရပ်သားများကို ပစ်မှတ်ထားနေသည်ဟု ရုရှဘက်က စွပ်စွဲခဲ့သည်။

မော့စ်ဗာ မစ်ဆိုင်း ကရူဇာ စစ်သင်္ဘောကြီးသည် သီတင်းပတ် ခုနစ်ပတ်ကြာ ပဋိပက္ခအတွင်း ရုရှ၏ ရေတပ် အားထုတ်မှုကို ဦးစီးနေခဲ့သည့် သင်္ဘောကြီး ဖြစ်သည်။ ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်စစ်အတွင်း အရပ်သား အများအပြား သတ်ဖြတ်ခံရမှုများ ဖြစ်ခဲ့ပြီးနောက် ယင်းနှင့်ပတ်သက်ပြီး အမေရိကန်နှင့် အခြားနိုင်ငံများက  လူမျိုးတုံးသတ်မှု စွပ်စွဲမှုများ ပြုလုပ်ထားခဲ့သည်။

စစ်သင်္ဘောပေါ် ပေါက်ကွဲမှုက လက်နက်ခဲယမ်း ပေါက်ကွဲမှု ဖြစ်ကြောင်း၊ ထို သင်္ဘောကြီးကို ဆိပ်ကမ်းသို့ ဆွဲယူခဲ့ရာတွင် သင်္ဘော၏ ထိခိုက်ပျက်စီးမှုများကြောင့် ဟန်ချက် မထိန်းနိုင်တော့သည့် အခြေအနေကို ရောက်ခဲ့ကြောင်း ရုရှ ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

“လှိုင်း အတန်ငယ်ကြမ်းတဲ့ အခြေအနေကြောင့် သင်္ဘောဟာ နစ်မြုပ်သွားခဲ့ပါတယ်” ဟု ရုရှ ဝန်ကြီးဌာနကို ကိုးကားပြီး နိုင်ငံပိုင် TASS သတင်းအေဂျင်စီက ဖော်ပြသည်။

ယူကရိန်းဘက်ကမူ အိုဒက်ဆာမြို့ စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ဆာဂေး ဘရက်ချက်ခ်၏ အဆိုအရ ထို ရုရှစစ်သင်္ဘောသည် ယူကရိန်း၏ နက်ပ်ကျွန်း ခရု(စ်) ဒုံးကျည်များ ထိမှန်သွားခြင်း ဖြစ်သည်ဟု ပြောသည်။

ယင်းကဲ့သို့ နှစ်ဘက်စလုံး၏ ပြောကြားချက်များကို အတည်ပြုနိုင်ခြင်းမရှိသော်လည်း ယခုကဲ့သို့ မော့စ်ကိုဗာ စစ်သင်္ဘော နစ်မြုပ်မှုက ရုရှ၏ ပင်လယ်နက် ရေတပ်သင်္ဘောစုအတွက် “ကြီးမားသည့် ထိုးနှက်ချက်” တစ်ခု ဖြစ်စေခဲ့သည်ဟု အမေရိကန် ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဂျွန် ကာဘီက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly