အမေရိကန်နှင့် ဆွေးနွေးပွဲမတိုင်မီ ရုရှားနှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမည်ဟု အိန္ဒိယ ထပ်မံအတည်ပြု

By TNN
13 April 2022
အမေရိကန်နှင့် ဆွေးနွေးပွဲမတိုင်မီ ရုရှားနှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမည်ဟု အိန္ဒိယ ထပ်မံအတည်ပြု

အမေရိကန်နှင့် ယခုသီတင်းပတ်အတွင်း ပြုလုပ်သည့် ဆွေးနွေးပွဲမတိုင်မီ ရုရှားနှင့် စီးပွားရေးဆက်ဆံမှုကို ဆက်လက်ဆောင်ရွက်သွားမည်ဟု အိန္ဒိယအစိုးရက ထပ်မံအတည်ပြုပြောကြားလိုက်သည်။

ရုရှားအနေဖြင့် နိုင်ငံတကာမှ ပိတ်ဆို့အရေးယူမှုများ ကြုံတွေ့နေရချိန်တွင် နှစ်နိုင်ငံဆက်ဆံရေးကို တည်ငြိမ်စေရန် အလေးထားကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ထားသည်။

နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆောင်ရွက်နိုင်မည့် ငွေပေးချေမည့် စနစ်တစ်ရပ်ကို အပြီးသတ် ဆောင်ရွက်နေသောကြောင့် ရုရှားနှင့် ကုန်သွယ်ရေးဖြတ်တောက်ရန် နိုင်ငံတကာက ပေးသည့် ဖိအားများကို အိန္ဒိယအစိုးရက ငြင်းဆိုခဲ့သည်။

အိန္ဒိယအနေဖြင့် ရုရှားမှ လောင်စာဆီတင်သွင်းမှုကို အလျင်အမြန် တိုးမြှင့် လုပ်ဆောင်နေခြင်းကို အမေရိကန်က မလိုလားသော်လည်း နို်ငငံ၏ လောင်စာဆီ ဝယ်ယူတင်သွင်းမှုကို နိုင်ငံရေးအရ ပတ်သက်မှုမရှိစေရန် ဆက်လက် လုပ်ဆောင်ထားသည်။

“ကုန်သွယ်ရေးတွေ ဆက်လက်လုပ်ဆောင်ရာမှာ လောင်စာဆီကိစ္စလည်း ပါဝင်ပါတယ်။ မိမိတို့ရဲ့ ရည်မှန်းချက် က ရုရှားနဲ့ ထူထောင်ထားတဲ့ စီးပွားရေးဆက်ဆံမှုကို ဆက်လက်ထိန်းသိမ်းပြီး တည်ငြိမ်စေဖို့ ဖြစ်ပါတယ်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အာရင်ဒမ်ဘက်ချီက ပြောကြားသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာနှင့် ကာကွယ်ရေးဝန်ကြီး ရာဂျာနက်ဆင်းတို့သည် အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ ၄ ကြိမ်မြောက် India-US 2+2 ဆွေးနွေးပွဲကို ဧပြီ ၁၁ ရက်က ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ယူကရိန်းကိစ္စ အဓိကပါဝင်မည်ဖြစ်သည်။ အက်စ်ဂျိုင်ရှန်ကာသည် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဘလင်ကန်၊ အခြားအကြီးတန်းအစိုးရအရာရှိများနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly