တောင်အာဖရိက၌ ရေကြီးမှုကြောင့် သေဆုံးသူ ၃၀၀ ကျော်အထိ ရှိလာ

တောင်အာဖရိက၌ ရေကြီးမှုကြောင့် သေဆုံးသူ ၃၀၀ ကျော်အထိ ရှိလာ
Photo - AFP

ဧပြီ ၁၄

တောင်အာဖရိကနိုင်ငံ ဆိပ်ကမ်းမြို့ ဒါဘန်၏ မြို့တွင်းနှင့် ဝန်းကျင်တွင် အကြီးအကျယ် ထိခိုက်ပျက်စီးမှု ဖြစ်စေခဲ့သည့် ရေလွှမ်းမိုးမှုများကြောင့် သေဆုံးသူဦးရေသည် ၃၀၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်း အစိုးရက ဧပြီ ၁၃ ရက်တွင် ပြောသည်။ ရေကြီးမှုအတွင်း လမ်းများနှင့် တောင်စောင်းများသည်လည်း ရေတိုက်စားခံခဲ့ရပြီး လူနေအိမ်များလည်း ပြိုကျခဲ့သည်။

ဒါဘန်မြို့၏ ဒေသန္တရ အုပ်ချုပ်မှုစနစ်အောက်ရှိ အီသီကွီနီ ဧရိယာတွင် နှစ်ပေါင်း ၆၀ အတွင်း မိုးရေချိန် ပမာဏအများဆုံး ရွာသွန်းမှု ဖြစ်ပေါ်ခဲ့ကြောင်း အေအက်ဖ်ပီ၏ စာရင်းတစ်ခုအရ သိရသည်။ ယခု သဘာဝဘေးသည် တောင်အာဖရိကတွင် မှတ်တမ်းမှတ်ရာအရ လူအသေအပျောက်အများဆုံး ဖြစ်သည်။

“ဧပြီ ၁၃ ရက် ညနေခင်းအထိ ကေဇက်အင်န် (ကွာဇူလူ-နက်တယ်လ်) ပြည်နယ်မှာ ရေကြီးမှု ဘေးဒုက္ခဆိုးကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၀၆ ဦးအထိ မြင့်တက်ခဲ့တယ်လို့ ကျွန်မတို့ သိထားရပါတယ်” ဟု ပြည်နယ် သဘာဝဘေး စီမံခန့်ခွဲမှုဌာနမှ ပြောရေးဆိုခွင့်ရှိသူ နွန်နာလာ အန်လိုဗူက ပြောသည်။

ယခု သေဆုံးမှု အရေအတွက်သည် ကွာဇူလူ-နက်တယ်လ် ပြည်နယ်၏ သမိုင်းတွင် အမှောင်မိုက်ဆုံး အခိုက်အတန့်တစ်ခု ဖြစ်သည်ဟု သူမ၏ ရုံးက ပြောသည်။

ယခု ရေကြီးမှုများက “ရုတ်တရက် ဖြစ်ပွားသော ကပ်ဘေး” နှင့် “ဘေးဒုက္ခဆိုး” တစ်ခု ဖြစ်ကြောင်း တောင်အာဖရိက သမ္မတ ဆိုင်ရီလ် ရာမာဖိုဆာက ပြောသည်။

“တံတားတွေ ပြိုကျသွားခဲ့တယ်။ လမ်းတွေ ပြိုသွားခဲ့တယ်။ လူတွေ သေဆုံးခဲ့ကြတယ်” ဟု ၎င်းက ပြောသည်။ မိသားစု တစ်စု ဆိုလျင် မိသားစုဝင် ၁၀ ဦးကို ဆုံးရှုံးလိုက်ရသည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်ခဲ့သည်ဟု ၎င်းက ပြောသည်။

စာသင်ကျောင်းပေါင်း ၂၄၈ ခုထက်မနည်းလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။

“ဒါက အလွန်ကြီးမားတဲ့ အတိုင်းအတာနဲ့ ရုတ်တရက် ဖြစ်ပွားတဲ့ ကပ်ဘေးတစ်ခုပါပဲ” ဟု ၎င်းက ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးမှုများကို စစ်ဆေးပြီးနောက် ဒေသခံအစုအဖွဲ့တစ်ခုကို မိန့်ခွန်းပြောစဉ် ပြောကြားခဲ့သည်။

ပျောက်ဆုံးနေသူများကို ရှာဖွေရေးလုပ်ငန်းများ ဆက်လုပ်နေကြောင်း ရာမာဖိုဆာက ပြောသည်။ သဘာဝဘေး ကိုင်တွယ်စီမံရာတွင် လိုအပ်သလို ငွေကြေးစိုက်ထုတ်အသုံးပြုသွားမည် ဖြစ်ကြောင်းနှင့် သဘာဝဘေးဒဏ်သင့် ပြည်သူများကို အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ကတိပြုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly