မန္တလေး ချမ်းအေးသာစံမြို့နယ်တွင် အိမ်စီးကားပေါက်ကွဲ၍ လူ၄ဦးထိခိုက်ဒဏ်ရာရ

မန္တလေး ချမ်းအေးသာစံမြို့နယ်တွင် အိမ်စီးကားပေါက်ကွဲ၍ လူ၄ဦးထိခိုက်ဒဏ်ရာရ

ဧပြီ ၁၁

မန္တလေး ၊ ချမ်းအေးသာစံမြို့နယ် ၆၂ လမ်း၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြားတွင် ယနေ့ ဧပြီ ၁၁ ရက်နေ့ နံနက်ပိုင်းက အိမ်စီးကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူလေးဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှု ကြောင့် အမျိုးသမီးတစ်ဦးနှင့်အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီ၏ ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံက သိရသည်။

“Toyota Wish အိမ်စီးကားအဖြူလေးဗျ၊ သွားနေတာလားရပ်ထားချိန်လားတော့မသိဘူး၊ အုန်းကနဲထပေါက်တော့မှ သတိထားမိတာ၊ လူသုံးလေးယောက် လောက်ဒဏ်ရာရသွားတယ်၊ ဆေးရုံကားနဲ့တင်သွားမှမြင်ရတာဆိုတော့ အတိအကျမသိဘူး၊ စိုးရိမ်ရတယ်လို့တော့ကြားတာပဲ” ဟု အခင်းဖြစ်ပွားနေရာအနီးတွင်နေထိုင်သူတစ်ဦး ကပြောသည်။

လက်ရှိတွင် ဒဏ်ရာရလူလေးဦးအား မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ထားပြီး ပေါက်ကွဲမှုကြောင့် ကားအတွင်းပိုင်းပျက်စီး သွားသည်ဟုသိရသည်။

အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ စစ်ကောင်စီ၏ဝါဒဖြန့်သတင်းများတွင်မူ PDF များက ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာအနီးတွင် မပေါက်ကွဲသေးသည့်မိုင်းနှစ်လုံး ထပ်မံတွေ့ရှိကြောင်း ထုတ်ပြန်သည်။

မန္တလေးတွင် ပြောက်ကျားတိုက်ခိုက်မှုအရှိန်မြှင့်လုပ်ဆောင်နေသည့် တော်လှန်ရေးအင်အားစုများ ကို စစ်ကောင်စီက ဖမ်းဆီးမှုများ အပြင်းအထန်ပြုလုပ်နေပြီး နေ့ရောညပါ ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

#Mizzima

#ချမ်းအေးသာဇံမြို့နယ်

#အိမ်စီးကားပေါက်ကွဲ

#လူလေးဦးထိခိုက်ဒဏ်ရာရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly