နိုင်ငံခြားထွက်မည့် CDM ဝန်ထမ်းများ ရန်ကုန် လေဆိပ်၌ ဖမ်းဆီး ခံရမှုများရှိ

နိုင်ငံခြားထွက်မည့် CDM ဝန်ထမ်းများ ရန်ကုန် လေဆိပ်၌ ဖမ်းဆီး ခံရမှုများရှိ

ဧပြီလ ၁၀ ရက်

နိုင်ငံခြားသို့ ထွက်မည့် CDM ဝန်ထမ်းများ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီး ခံရမှုများ ရှိနေကြောင်း လေဆိပ် အသိုင်းအဝိုင်းနှင့် နီးစပ်သူထံက သိရသည်။ 

“ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လုပ်ဆောင်ထားတဲ့သူတွေ လေဆိပ်မှာ ဖမ်းဆီး ခံရမှုတွေ ရှိပါတယ်။ CDM လုပ်တဲ့ ဝန်ထမ်းတွေကို သူတို့ရဲ့ သက်ဆိုင်ရာ ဌာနမှာ Black List တင်ထားတာတွေ ရှိတယ်။ နိုင်ငံကူးလက်မှတ် (Passport) လုပ်ရင်တော့ လုပ်ပေးလိုက်တာ ရှိပေမယ့် လေဆိပ် ရောက်ရင်တော့ ဖမ်းဆီးခံရမှုတွေ ရှိတယ်။ ဖမ်းဆီး ခံထားရတဲ့သူ အရေအတွက်ကိုတော့ မသိရနိုင်ဘူး။ ပြောပြလို့လည်း မဖြစ်နိုင်ဘူး။ ဒါပေမယ့် CDM ဝန်ထမ်းတွေကို လေဆိပ်မှာ ဖမ်းဆီးတယ် ဆိုတဲ့ ဖြစ်စဉ်တွေက တကယ် ရှိပါတယ် ” ဟု အဆိုပါ နီးစပ်သူက ပြောသည်။

လေဆိပ်တွင် ဖမ်းဆီး စစ်ဆေးခံရသူ အများစုသည်  ပုဒ်မ တစ်ခုခုဖြင့် စစ်ကောင်စီ၏ ဝရမ်းထုတ် ခံထားရသူများ မဟုတ်ဘဲ CDM  ပြုလုပ်ထားသူများသာ ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီက CDM ဝန်ထမ်းများကို လေဆိပ်၌ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေ သကဲ့သို့  စစ်ကောင်စီ လက်အောက် တာဝန် ထမ်းဆောင်နေသူများလည်း သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ထောက်ခံချက် ပါဝင်မှသာ နိုင်ငံခြားသို့ ထွက်ခွာခွင့် ရရှိကြသည်။

“လက်ရှိ စစ်ကောင်စီ လက်ထက်မှာ တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေက မှတ်ပုံတင်မှာ ဝန်ထမ်းလို့ ပါရင် နိုင်ငံခြားကို ထွက်လို့ မရဘူး။ သွားတယ်ဆိုရင် ဝန်ကြီးဌာနရဲ့ ထောက်ခံစာ ပါရတယ်။ ဘာအတွက်ကြောင့်မို့ သွားရတယ်ဆိုတာ၊ တရားဝင် ဝန်ထမ်းက အစ နိုင်ငံခြားထွက်လို့ မရဘူး။ အခုမှ နိုင်ငံကူးလက်မှတ် လုပ်မယ်ဆိုလည်း Passport ဌာနကတော့ လုပ်ထားပေးမှာပဲ။ တကယ်လို့ သူတို့ ထွက်ခွာပြီဆိုရင် ဝန်ကြီးဌာနက လွှတ်တယ် ဆိုရင်တော့ သူတို့ ရုံးစာတွေ ဘာညာနဲ့ အဲ့လိုတွေ ပါတယ်လေ။ စာရွက် စာတမ်းတွေ မပါဘူး ဆိုရင်တော့ ဒါ ဝန်ထမ်း မလုပ်နိုင်လို့ ထွက်ပြေးတာလား။ အဲ့လို စစ်တာ ဆေးတာတွေ ရှိတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

မဇ္စျိမက စုံစမ်း သိရှိရသည့် အချက်များအရ CDM ပြုလုပ်ထားသည့် ဝန်ထမ်းများအနက်  Passport ရုံးများတွင် နိုင်ငံကူးလက်မှတ် ရရှိပြီးနောက် နိုင်ငံခြားကို ထွက်ခွာရန် လေဆိပ်ကို ရောက်ရှိမှ  ဖမ်းဆီး ခံရသူများ ရှိသကဲ့သို့  အချို့မှာ Passport ပြုလုပ်စဉ် ကတည်း က Black List ပါဝင်နေသည့် အတွက် နိုင်ငံကူးလက်မှတ် မထုတ်ပေးသည့် ဖြစ်စဉ်များလည်း ရှိနေသည်။ 

“ပတ်စ်ပို့ လုပ်တုန်းက ဘာမှမဖြစ်ဘဲ လေဆိပ်ရောက်မှ အဖမ်း ခံနေရတာ။ အိမ်ထောင်စု စာရင်း အထိ တိုက်စစ်ပုံ ရတယ်။ အမ အသိထဲမှာတင် လေးယောက်လောက် ရှိပြီ။ တစ်ယောက်ဆို စသုံးလုံး ခေါ်သွားတယ်ပဲ သိရသေးတယ်။ ပြန်လွတ်လာတဲ့ သူတွေ ပြောပြတာက လေဆိပ်မှာ ဖမ်းဆီး ထိန်းသိမ်း ခံလိုက်ရတဲ့အချိန် သူတို့က မေးတယ်။ တို့အရေး ပါဖူးလား၊ အစိုးရက ထုတ်ပေးထားတဲ့ ချေးငွေ ဆပ်သလား၊ အကုန်စစ်တယ်။ ချေးငွေတွေ ပြန်ဆပ်ခိုင်းတယ်။ ချေးငွေ ပြန်ဆပ်လို့ ပြန်လွတ်လာတာတွေလည်း ရှိတယ်။ နိုင်ငံရေးနဲ့ မပတ်သက်ပါဘူးဆိုပြီး ခံဝန် ထိုးရတာတွေလည်း ရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် စစ်တာတော့ မတူဘူး  ” ဟု အသိမိတ်ဆွေများ လေဆိပ်တွင် ဖမ်းဆီး ထိန်းသိမ်း ခံထားရသည့် အခြေအနေနှင့် ပတ်သက်ပြီး အမျိုးသမီးတစ်ဦးက ပြောသည်။

လေဆိပ်တွင် CDM ဝန်ထမ်းများ ဖမ်းဆီးခံရမှု များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန်လောက် ကတည်းက ဖြစ်ပွားနေခြင်း ဖြစ်ပြီး နိုင်ငံခြား ထွက်ခွာလိုသူ CDM ဝန်ထမ်းများ သတိထား လုပ်ဆောင် ကြစေလိုကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“CDM သမားတွေ ဆိုရင်တော့ ကျွန်တော်တို့က ဝန်ဆောင်မှုပေးတာမျိုး  မလုပ်ဘူး။ လာလုပ်ပြီးမှ တစ်ခုခု စစ်ဆေးမှုတွေကြောင့် ဖမ်းဆီး ခံရတာမျိုး ရှိရင် ကျွန်တော်တို့လည်း မကောင်းဘူး။ ကာယကံရှင်လည်း မကောင်းဘူး။ လုပ်မယ် ဆိုကတည်းက CDM ဝန်ထမ်းလား အရင်မေးရတယ် ” ဟု နိုင်ငံကူးလက်မှတ် ရရှိအောင် ကြားခံ ဝန်ဆောင်မှု ပေးနေသူ တစ်ဦးက ဆိုသည်။

လက်ရှိတွင်  နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားသူများစွာ ရှိနေခြင်းကြောင့် အချိန် ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းရခြင်း၊  COVID-19 ရောဂါ စိုးရိမ်ရခြင်းများ လျော့နည်း လာစေရန် မတ်လ ၂၁ ရက်နေ့မှ စတင်ပြီး Online Booking စနစ်ဖြင့် ပြောင်းလဲ ကျင့်သုံးသွားမည် ဖြစ်ကြောင်း ရန်ကုန်ရှိ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရုံးက အသိပေး ကြေညာ ထားသည်။

သို့သော် Online Booking တင်ရာတွင် အမြဲတမ်း စာရင်း ပြည့်နေလေ့ရှိခြင်းကြောင့် နိုင်ငံကူးလက်မှတ် မြန်မြန်ဆန်ဆန် ရရှိလိုသူများအတွက် ဈေးကွက်ပေါက်ဈေး ကျပ် ၃၀၀,၀၀၀ မှ စတင်ကာ ကျသင့်သည့်  Online Booking တင်စရာ မလိုသည့် နိုင်ငံကူးလက်မှတ် ပွဲစား ဈေးကွက်လည်း ပြင်ပတွင် ပေါက်နေကြောင်း စုံစမ်း သိရသည်။

စစ်တပ် အာဏာသိမ်းမှု တစ်နှစ်ကျော် ကြာမြင့်လာသည့် အချိန်တွင် ဆက်လက် ဖြစ်ပွားနေသည့် နိုင်ငံရေး မတည်ငြိမ်မှုများနှင့်  စီးပွားရေး ကျပ်တည်းမှုများကြောင့် ပြည်တွင်းရှိ လူငယ် လူရွယ်များနှင့် CDM လုပ်ဆောင်ထားသူများက ပြည်ပ နိုင်ငံများသို့ ထွက်ခွာပြီး လုပ်ငန်းခွင် ပြန်ဝင်နိုင်ရန်  ပိုမို ပြင်ဆင် လာကြခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required