ချောင်းသာမြို့ ဥတိုကျေးရွာအနီး တောအတွင်း ရိုဟင်ဂျာ ၆၀ ဦး ဖမ်းဆီးခံရ

ချောင်းသာမြို့ ဥတိုကျေးရွာအနီး တောအတွင်း ရိုဟင်ဂျာ ၆၀ ဦး ဖမ်းဆီးခံရ
Photo : CJ

ဧပြီလ ၉ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ချောင်းသာမြို့ ဥတိုကျေးရွာအနီးတောအတွင်း အထောက်အထားမဲ့ ဝင်ရောက်လာသည့် ရိုဟင်ဂျာ ၆၀ ဦးကို စစ်ကောင်စီ လက်အောက်ခံရဲများက ဧပြီလ ၇ ရက်နေ့ ညပိုင်း တွင် ဖမ်းဆီးခဲ့ကြောင်း ပုသိမ်မြို့နယ် ရဲစခန်းမှ ရဲဝန်ထမ်းက ပြောသည်။

အဆိုပါ ရိုဟင်ဂျာများသည် ပွဲစားများနှင့် ချိတ်ဆက်ကာ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်လာကြောင်း အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၁၇ ဦးနှင့် အသက်မပြည့်သေးသည့် ကလေး ကိုးဦး ဖမ်းဆီး ခံခဲ့ရကြောင်း ၎င်းကပြောသည်။

"ပွဲစားတွေက ရန်ကုန်အရောက် ၁၅ သိန်းနဲ့ လိုက်ပို့မယ်ဆိုပြီး ရခိုင်ပြည်နယ် ဘက်ကနေ ခေါ်လာတာ။ လိုက်ပို့တဲ့ ပွဲစားနှစ်ယောက်ကတော့ ရသေ့တောင်ရွာနဲ့ အာကာသောင်းရွာမှာ နေတယ်လို့ သိရတယ်။ ရိုဟင်ဂျာတွေ ကတော့ ဘယ်မှာ နေတယ်၊ ဘယ်က လာတယ်ဆိုတာ မသိရသေးဘူး" ဟု ၎င်းကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်း ကမ်းခြေဒေသများမှ ရခိုင်ပြည်နယ်ဘက်သို့ ဝင် ထွက်သည့်နေရာများ၌ စစ်ကောင်စီတပ်များ အခိုင်အမာတပ်စွဲထားရာ ၎င်းတပ်များအား ငွေကြေးပေး၍ ဝင်ရောက်လာခြင်း ဖြစ်နိုင်ကြောင်း အမည်မဖော်လိုသူ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးထွန်းရွှေအား ဆက်သွယ်မေးမြန်းရာ အထောက်အထားမဲ့ ရိုဟင်ဂျာများကို ဥပဒေအရ အရေးယူရန်ဆောင်ရွက်နေ သော်လည်း မည်သည့် နေရာတွင် ဖမ်းဆီး ချုပ်နှောင်ထားသည်ကို မသိရှိကြောင်း မဇ္ဈိမကိုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly