ဧပြီလ ၉ ရက်
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်က သပိတ်မှောက်ခံထားရသော မြန်မာပလာဇာ၌ သင်္ကြန်ကာလအတွင်း ညစျေးတန်း တစ်ခုဖွင့်လှစ်သွားမည်ဟု ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ ဧပြီ ၉ ရက်မွန်းလွဲပိုင်း၌ ဖော်ပြထားသည်။
ယင်း ညစျေးတန်းကို မြန်မာပလာဇာအပြင်ဘက် ရေပန်းအနီးရှိ ဧရိယာအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး၊ ဧပြီ ၁ ရက်မှ ဧပြီ ၁၇ ရက်အထိ နေ့စဉ် ညနေ ၄နာရီခွဲမှ ည ၈နာရီအထိ ဖွင့်လှစ်သွားမည်ဟု ကြေညာထားသည်။
ညစျေးတန်းတွင် စားသောက်ဖွယ်ရာများ ကို မှာယူစားသုံးနိုင်သည့်အပြင် Unplugged တေးဂီတများကို နားဆင်နိုင်ပြီး ကိုယ်တိုင်လည် ဝင်ရောက်သီဆိုနိုင်ရန်စီစဉ်ထားသည့်အပြင် ကလေးငယ်များအတွက် သင်္ဘောပုံရဲတိုက် Bouncing Castle ကိုလည်း ထားရှိပေးသွားမည်ဖြစ်သည်။
“တစ်ပြစ်ကနေ နှစ်ပြစ်ဖြစ်အောင်လုပ်နေသလိုဘဲ။ လူတိုင်းက စစ်ကောင်စီ ဦးဆောင်လုပ်မယ့် သင်္ကြန်မှာ တော်လှန်ရေးအတွက် သွေးမအေးသေးဘူးဆိုတာ ပျော်မနေဘူးဆိုတာ ပြဖို့ လုပ်နေတဲ့ အချိန်မှာ သင်္ကြန်လည်ပတ်သူတွေ လာအောင် ဆွယ်တယ်လို့ မြင်တယ်။ ပြီးတော့ ဒီလို အခင်းအကျင်းလုပ်ပြီး ဖွင့်လှစ်တာဟာ စစ်ကောင်စီကို ထောက်ခံတယ်လို့ ဖွင့်ဟပြသလိုပါပဲ။ ဒါက သူတို့ လုပ်ပိုင်ခွင့်ပါ။ သွားခြင်းမသွားခြင်းက ပြည်သူတစ်ဦးချင်းအပေါ်မှာပဲ မူတည်တယ်။ သူတို့ ဘက်ကလည်း ငါတို့ ဂရုမစိုက်ဘူးဆိုတဲ့ သဘောမျိုးဖြစ်မှာပေါ့” ဟု ရန်ကုန်မြို့ခံ တစ်ဦးက သူ့၏ ပုဂ္ဂလိက အမြင်ကို ပြောသည်။
ပြီးခဲ့သော ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့ ယင်းပလာဇာအတွင်း စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြတော်လှန်ခဲ့သည့် လူငယ်များအပေါ် လုံခြုံရေးဝန်ထမ်းအချို့က ထိုးကြိတ်ဖမ်းဆီးခဲ့သည့် အတွက် ရန်ကုန်နေပြည်သူလူထုက လူမှုရေးပြစ်ဒဏ်ချ သပိတ်မှောက်ခံထားရသည်မှာ ယနေ့ အချိန်အထိဖြစ်သည်။
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”