COVID-19 ကာကွယ်ဆေး လက်မှတ် မပါသူများ ဆေးထိုးပြီးမှ မြောင်းမြမြို့တွင်း ဝင်ခွင့်ရ

COVID-19 ကာကွယ်ဆေး လက်မှတ် မပါသူများ ဆေးထိုးပြီးမှ မြောင်းမြမြို့တွင်း ဝင်ခွင့်ရ

ဧပြီ ၉

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် ကွယ်လွယ် စစ်ဆေးရေးဂိတ်တွင် သင်္ကြန်ပိတ်ရက် နေရပ်ပြန် ပြည်သူများကို စစ်ကောင်စီတပ်က စစ်ဆေးနေရာ COVID-19 ကာကွယ်ဆေး ထိုးပြီးကြောင်း ထောက်ခံချက် လက်မှတ် မပါရှိပါက ချက်ခြင်း ဆေးထိုးပေးပြီး မြို့တွင်းသို့ ဝင်ရောက်ခွင့်ပြုကြောင်း နေရပ်ပြန်များထံမှ သိရသည်။

စစ်ကောင်စီတပ်က မှတ်ပုံတင်နှင့် ကာကွယ်ဆေး လက်မှတ် စစ်ဆေးနေပြီး ဆေးလက်မှတ် မပါသူများအား မြို့အဝင်ဂိတ်၌ ကာကွယ်ဆေး ထိုးပေးနေခြင်း ဖြစ်သည်။

“မှတ်ပုံတင် အရင်တောင်းပြီး စစ်တယ်၊ ပစ္စည်းတွေကို ရှာတယ်၊ ကိုဗစ် ဆေးထိုးပြီး မပြီး မေးပြီး ထောက်ခံစာ တောင်းတယ်၊ မပါလာရင် အခုချက်ခြင်း ထိုးရမယ်ဆိုလို့ ထိုးခဲ့ရတယ်၊ ညီမက ဆေးတစ်ကြိမ် ထိုးပြီးပြီ၊ ရုရှားဆေးဆိုလား တစ်ကြိမ်ပဲ ထိုးရတဲ့ဟာကို ထိုးထားတာ၊ ထောက်ခံစာက စာရွက် အကြီးကြီးဆိုတော့ လက်ကိုင်အိတ်ထဲ ထည့်ထားရင်း ပြဲသွားတာ၊ ရှင်းပြတာကို မရဘူး အတင်းထိုးခိုင်းတယ်၊ ဆေးတွေက တည့် မတည့် မသိဘဲ ထိုးရမယ်ဆိုလို့ ထိုးလိုက်ရတယ်၊ မဟုတ်ရင် မြို့ထဲ အဝင်မခံလို့” ဟု ရန်ကုန်မြို့မှ မြောင်းမြမြို့နယ် အတွင်းရှိ ကျေးရွာ တစ်ရွာသို့ နေရပ်ပြန်သည့် အမျိုးသမီးက ပြောသည်။

ဧရာဝတီတိုင်း အတွင်းသို့ သင်္ကြန်ပိတ်ရက်တွင် နေရပ် ပြန်သူ များပြားနေပြီး ရန်ကုန်-ပုသိမ် ကားလမ်း တစ်လျှောက်၌ လမ်းပိတ်ဆို့မှုများ နာရီနဲ့ချီ ဖြစ်ပေါ်နေကြောင်း သိရသည်။

#Mizzima

#မြောင်းမြမြို့

#COVID_19

#မှတ်ပုံတင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required