ကုလအကြီးအကဲဘန်ကီမွန်က အကြမ်းဖက်မှုကို အားပေးနေဟု နေတန်ယာဟုစွပ်စွဲ

ကုလအကြီးအကဲဘန်ကီမွန်က အကြမ်းဖက်မှုကို အားပေးနေဟု နေတန်ယာဟုစွပ်စွဲ

ဂျေရုဆလင်၊ ဇန်နဝါရီ ၂၇ ။             ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်သည် အကြမ်းဖက်မှုကို အားပေးအားမြောက်လုပ်နေသည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက စွပ်စွဲလိုက်သည်။ ဖိနှိပ်ခံရသော လူမျိုးများက သိမ်းပိုက်မှုကို တုံ့ပြန်သည်မှာ လူ့သဘာဝဖြစ်ကြောင်း ပါလက်စတိုင်းလူမျိုးများကို ရည်ညွှန်းကာ မစ္စတာဘန်က ပြောကြားခဲ့သည်။

ထို့အပြင် ပါလက်စတိုင်းတို့က အစ္စရေးတို့ကို ဓါးဖြင့် ထိုးနေမှုများကိုလည်း ရှုတ်ချကြောင်း လုံခြုံရေးကောင်စီတွင် မစ္စတာဘန်က ပြောကြားခဲ့သည်။ အောက်တိုဘာလကတည်းက ယခုအထိ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၁၅၅ဦးကျော်၊ အစ္စရေး ၂၈ဦး၊ အမေရိကန်တစ်ဦးနှင့် အီရစ်ထရီးယားတစ်ဦးသေဆုံးပြီးဖြစ်သည်။ "ကုလအတွင်းရေးမှူးချုပ်ရဲ့ စကားတွေက အကြမ်းဖက်မှုကို အားပေးနေတာပါ။ အကြမ်းဖက်မှုအတွက် တရားမျှတမှုဆိုတာမရှိပါဘူး"ဟု မစ္စတာနေတန်ယာဟုက ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

စကားအသုံးအနှုန်းတွင် ကာလကြာမြင့်စွာ သတိထားခဲ့သော မစ္စတာဘန်အနေဖြင့် ရာထူးမှ နုတ်ထွက်ခါနီးတွင် ပို၍ပွင့်လင်းစွာပြောကြားရန် ဆုံးဖြတ်ထားဟန်ရှိသည်ဟု ဘီဘီစီမှ နစ်ဘရိုင်ယန်က နယူးယောက်တွင် ပြောသည်။ ဇန်နဝါရီ ၂၅က ၂၄နှစ်အရွယ် အစ္စရေးအမျိုးသမီးတစ်ဦး အနောက်ဖက်ကမ်းခြေရှိ အခြေစိုက်အိမ်ရာတစ်ခုတွင် ဓါးဖြင့်အသေထိုးသတ်ခံခဲ့ရသည်။ ယင်းသို့တိုက်ခိုက်မှုမှာ ၁၀ ရက်အတွင်း တတိယမြောက်ဖြစ်သည်။ တိုက်ခိုက်သည့်ပါလက်စတိုင်းနှစ်ဦးကို လုံခြုံရေးအစောင့်တစ်ဦးက အသေပစ်သတ်ခဲ့သည်။

သတ်ဖြတ်ခံရသည့် ပါလက်စတိုင်းအများစုမှာ တိုက်ခိုက်သူများဖြစ်သည်ဟု အစ္စရေးက ပြောသည်။ ကျန်သတ်ဖြတ်ခံရသည့် ပါလက်စတိုင်းများကို ဆန္ဒပြမှုများနှင့် ပဋိပက္ခများတွင် အစ္စရေးတပ်ဖွဲ့ဝင် များက ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုဖြစ်စဉ်များကို ပါလက်စတိုင်းအချို့အထူးသဖြင့် ပါလက်စတိုင်းလူငယ်များကြား နက်ရှိုင်းသည့် စိမ်းကားမုန်းတီးမှု၊ စိတ်ပျက်မှုတို့က မောင်းနှင်နေသည်ဟု ဘန်က လုံခြုံရေးကောင်စီကို ပြောကြားခဲ့သည်။

"ပါလက်စတိုင်းတွေရဲ့ မကျေနပ်မှုတွေဟာ နှစ်၅၀ကြာသိမ်းပိုက်ခံရမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအသက်မဝင်မှုအောက်မှာ ကြီးထွားနေပါတယ်"ဟု ၎င်းကပြောသည်။ "ဖိနှိပ်ခံရတဲ့ လူမျိုးတွေဟာ ခေတ် အဆက်ဆက်မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ အမုန်းတရားနှင့် အစွန်းရောက်မှုကို အားကောင်းစေတဲ့ သိမ်းပိုက်ခံရမှုကို တုံ့ပြန်တာ လူ့သဘာဝပါ"ဟုဘန်ကဆိုသည်။

ပါလက်စတိုင်းတို့၏ တိုက်ခိုက်မှုကို ရှုတ်ချသော်လည်း အစ္စရေးတို့၏ အခြေစိုက်အိမ်ရာတည်ဆောက်ရေးအစီအစဉ်ကလည်း ပါလက်စတိုင်းနိုင်ငံထူထောင်ရေးအပေါ် ၎င်း၏ကတိကဝတ်ကို သံသယဝင်စေသည်ဟု ဘန်ကပြောသည်။ သို့သော်လည်း ပါလက်စတိုင်းတို့သည် နိုင်ငံထူထောင်ရေးကို ဆန့်ကျင်သည့်လုပ်ရပ်များ လုပ်ဆောင်နေသည်ဟု မစ္စတာနေတန်ယာဟုက ပြောသည်။

"ပါလက်စတိုင်းလူသတ်သမားတွေက နိုင်ငံတစ်ခုကို မထူထောင်ချင်ပါဘူး။ သူတို့က နိုင်ငံတစ်ခုကို ဖျက်ဆီးချင်တာပါ"ဟု ၎င်းကပြောသည်။ ငြိမ်းချမ်းရေးအတွက်၊ လူ့အခွင့်အရေးအတွက် လူသတ်ရန် မလိုဟုလည်း ၎င်းကဆိုသည်။ ထို့အပြင် ကုလသည် ကာလကြာမြင့်စွာကပင် ကြားနေမှုမရှိတော့ဟုလည်း နေတန်ယာဟုက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly