အကြမ်းဖက်စစ်ကောင်စီ၏ တန်ပြန်ပြောက်ကျားစစ်ဆင်ရေး စစ်နည်းဗျူဟာများ အပိုင်း(၈) (ဆောင်းပါး)

By စိုးမိုးနိုင်
08 April 2022
အကြမ်းဖက်စစ်ကောင်စီ၏ တန်ပြန်ပြောက်ကျားစစ်ဆင်ရေး စစ်နည်းဗျူဟာများ အပိုင်း(၈) (ဆောင်းပါး)

“ချုံခိုတိုက်ခိုက်နည်း”

ပြောက်ကျားတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့အတွက် အကြမ်းဖက် စစ်အုပ်စုက ခင်းကျင်းပြင်ဆင်ထားတဲ့ စစ်နည်းဗျူဟာ(၇)ခုထဲမှာ ချုံခို တိုက်ခိုက်တဲ့နည်းဗျူဟာတစ်ခုလည်း ပါဝင်နေတာကို တွေ့ရပါတယ်။

ချုံခိုတိုက်ခိုက်နည်းကို ပြောက်ကျားတပ်ဖွဲ့တွေကသာ သုံးစွဲကြတာ မဟုတ်ပဲ၊ တန်ပြန်ပြောက်ကျားတပ်တွေကလည်း အသုံးပြုနိုင်တယ်ဆိုတဲ့ အချက်ကို သတိပြုရမှာဖြစ်ပါတယ်။

ဒီနေရာမှာ ချုံခိုတိုက်ခိုက်ရတဲ့တပ်ရဲ့ ရည်ရွယ်ချက်တွေကို သိရှိထား ဖို့ လိုအပ်ပါတယ်။ စစ်ပညာကျွမ်းကျင်သူ ဗြိတိသျှစစ်ဗိုလ်ချုပ် ဖူလာ ရဲ့ အဆိုအရ ချုံခိုတိုက်ပွဲဆိုတာ ရန်သူ မမျှော်မှန်းထားတဲ့အငိုက်နဲ့ ရန်သူ မတန်ပြန်နိုင်တဲ့အငိုက် (၂)မျိုးစလုံးကိုရရှိနိုင်တဲ့ စစ်ဆင်မှုတခုဖြစ်ပါတယ်။ 

အဓိပ္ပာယ်ဖွင့်ပြရရင် ချုံခိုတိုက်ပွဲဆိုတာ လှုပ်ရှားနေတဲ့ ဒါမှမဟုတ် ခေတ္တရပ်တန့်နေတဲ့ရန်သူကို ပုံဖျက်ဖုံးကွယ်ထားတဲ့နေရာတွေက ပစ်ခတ် တိုက်ခိုက်ချေမှုန်းခြင်း ဖြစ်ပါတယ်။

ဖွင့်ဆိုချက်က ရိုးရှင်းပေမဲ့လည်း အောင်မြင်မှုရရှိဖို့အတွက် မိမိဘက် က သေချာစွာပြင်ဆင်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ 

များသောအားဖြင့် လက်ရှိနဲ့ နောင်လာမဲ့စစ်ဆင်ရေးတွေကို ဆက်လက်မလုပ်ဆောင်နိုင်အောင် ရန်သူကို တားဆီးနှောင့်ယှက်နိုင်ဖို့။ မိမိ လိုအပ်တဲ့ ရန်သူရဲ့ယာဉ်တွေကို သိမ်းပိုက်ယူဆောင်ဖို့။ ရန်သူ့စစ်ဆင်မှု အချိန်ဇယားကို နှောင့်နှေးကြန့်ကြာစေဖို့။ 

ရန်သူကို စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်သွားစေဖို့။ ရန်သူကို စိတ်ဓာတ် ကျဆင်းစေဖို့။ မိမိရည်ရွယ်ချက်ကို ရန်သူမသိရှိစေရေးအတွက် ဖုံးကွယ် လှည့်စားနိုင်ဖို့။ မိမိရဲ့ပင်မစစ်ဆင်မှုကို မထိခိုက်စေရေးအတွက် ရန်သူကို ထိန်းချုပ်တိုက်ခိုက်ထားနိုင်ဖို့။ 

အချက်အခြာနယ်မြေတစ်ခုကို ရန်သူ သိမ်းပိုက်လာမဲ့အခြေအနေက နေ ကာကွယ်တားဆီးနိုင်ဖို့။ လှုပ်ရှားစစ်ဆင်နိုင်စေမဲ့ ဆက်သွယ်ရေး လမ်းကြောင်းကို ရန်သူဘက်က အသုံးမပြုနိုင်စေဖို့။ 

မိမိဘက်က အလိုရှိနေတဲ့ ရန်သူ့တပ်မှူးကြီးတစ်ဦးကို ဖမ်းဆီးဖို့၊ ဒါမှ မဟုတ် သတ်ဖြတ်နိုင်ဖို့။ စတဲ့ ရည်ရွယ်ချက်တွေ အထမြောက်အောင်မြင် စေဖို့အတွက် ချုံခိုတိုက်ပွဲတွေကို ဆင်နွှဲကြတာ ဖြစ်ပါတယ်။

ချုံခိုတိုက်ပွဲရဲ့ အားသာချက်ကတော့ တိုက်မဲ့တပ်က တိုက်မဲ့နေရာကို ရွေးချယ်နိုင်တာဖြစ်ပါတယ်။ မိမိရဲ့ သတ်ကွင်းထဲ ရန်သူဝင်လာမဲ့အချိန်ကို စောင့်ဆိုင်းပြီး အပိုင်တိုက်ခိုက်ချေမှုန်းနိုင်ခြင်း ဖြစ်ပါတယ်။ 

ဒီနေရာမှာ ချုံခိုတိုက်ပွဲအတွက်စုဖွဲ့ရတဲ့ အစိတ်အပိုင်းတွေကို ဆက် လက် ဖော်ပြလိုပါတယ်။

ချုံခိုမည့်နေရာ - ချုံခိုတိုက်ပွဲဆင်နွှဲမယ့် မြေအနေအထားကို ချုံခိုမယ့် တပ်က ရွေးချယ်သတ်မှတ်ရမှာ ဖြစ်ပါတယ်။

သတ်ကွင်း - ဒါကတော့ မိမိလက်နက်တွေနဲ့ ပစ်အားကုန်သုံးပြီး ပစ်ခတ်တိုက်ခိုက်မယ့်နေရာပဲ ဖြစ်ပါတယ်။ ရန်သူကို ရှောင်မထွက်နိုင် အောင် ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်နိုင်မဲ့နေရာ၊ ရန်သူ့မော်တော်ယာဉ် အများ အပြားကို ဖျက်ဆီးပစ်နိုင်မဲ့နေရာတွေကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ရည်မှန်းချက်စုရပ် - ချုံခိုတိုက်ပွဲမလုပ်ခင် ကြိုတင်ပြင်ဆင် ကင်းထောက်ဖို့နဲ့ မိမိတပ်တွေစုစည်းဖို့ နေရာဖြစ်ပါတယ်။ စုရပ်ဟာ မိမိ ချုံခိုတိုက်ခိုက်မယ့်နေရာကနေ မမြင်နိုင်မကြားနိုင်အောင် လက်နက်ငယ် တစ်ကမ်းထက် ပိုဝေးတဲ့နေရာ ဖြစ်ရပါမယ်။

ရပ်အဖွဲ့ - ရန်သူ့စစ်ကြောင်းတစ်ခုလုံး သတ်ကွင်းထဲကို မိမိရရ ဝင်ရောက်လာတဲ့အချိန်မှာ ရှေ့ဆုံးက ရန်သူ့ပွိုင့်တပ်စိတ်ကိုပါ လွတ်ထွက် မသွားပဲ ရပ်တန့်သွားအောင် ပစ်ခတ်ချေမှုန်းရမဲ့ မိမိတပ်ဖွဲ့ဖြစ်ပါတယ်။

ဒါ့အပြင် ဒီတပ်ဖွဲ့ဟာ သတ်ကွင်းအတွင်းကနေ ကိုယ်လွတ်ရုန်းပြီး ရှောင်ရှားထွက်ခွာဖို့ ကျိုးပမ်းလာတဲ့ရန်သူတွေကို သတ်ကွင်းအတွင်းမှာ ထိန်းချုပ်ထားနိုင်ဖို့အတွက် သတ်အဖွဲ့ကို ပစ်အားနဲ့ အထောက်အကူပြုပေး ရမဲ့တပ်ဖွဲ့လည်း ဖြစ်ပါတယ်။ များသောအားဖြင့် ရပ်အဖွဲ့ကို တပ်စု တပ်ကြပ်ကြီးတွေက ဦးဆောင်လေ့ရှိပါတယ်။  

သတ်အဖွဲ့ - ချုံခိုတိုက်ပွဲကို အဓိကဆင်နွှဲရမဲ့တပ် ဖြစ်ပါတယ်။ သတ်ကွင်းအတွင်း ဝင်လာတဲ့ရန်သူကို စောင့်ကြိုနေရာယူထားရာကနေ ပစ်ခတ်တိုက်ခိုက်တာနဲ့ ရန်သူ့ဆီကို တဟုန်ထိုးဝင်တိုက်တာ (၂)မျိုးစလုံး ပြုလုပ်နိုင်ပါတယ်။ ချုံခိုတိုက်ခိုက်မဲ့ တပ်အရွယ်အစားအပေါ်မူတည်ပြီး မိမိကတပ်စု အဆင့်ဆိုရင် တပ်စိတ်တစ်စိတ်ကို သတ်အဖွဲ့အဖြစ် သတ်မှတ်ပေးကာ တပ်စုမှူးကိုယ်တိုင် အနီးကပ် ကြီးကြပ်ရပါတယ်။

ဖြတ်အဖွဲ့ - ဒီအဖွဲ့ကတော့ ချုံခိုတိုက်ပွဲဆင်နွှဲနေတဲ့ သတ်အဖွဲ့နဲ့ ရပ်အဖွဲ့တွေကို ရန်သူ့စစ်ကူတွေ လာရောက် အနှောင့်အယှက်မပေးနိုင် အောင် ကာကွယ်ပေးရတဲ့တာဝန်ကို အဓိကယူရပြီး ရည်မှန်းချက်စုရပ်ရဲ့ လုံခြုံရေးတာဝန်နဲ့ ချုံခိုနေရာရဲ့ ကင်းထောက်တာဝန်တွေကိုပါ ပူးတွဲထမ်း ဆောင်ရလေ့ရှိပါတယ်။စုဖွဲ့မှုတွေပြီးရင်တော့ ချုံခိုတိုက်ပွဲအောင်မြင်ဖို့အတွက် လိုအပ်တဲ့ အခြေခံအချက်တွေကို ဖော်ပြလိုပါတယ်။ 

ပထမဦးဆုံးနဲ့ အဓိကအကျဆုံး လိုအပ်ချက်ကတော့ အလစ်အငိုက် ရရှိရေး ဖြစ်ပါတယ်။ ဒါမှလည်း မိမိသတ်မှတ်ထားတဲ့ သတ်ကွင်းထဲကို ရန်သူများများ ဝင်လာမှာဖြစ်ပြီး ကိုယ့်ဘက်က ထိခိုက်ကျဆုံးမှုလည်း နည်းပါးမှာဖြစ်ပါတယ်။ 

ဒုတိယအချက်ကတော့ ထိရောက်တဲ့ပစ်အားရရှိဖို့ ဖြစ်ပါတယ်။ မိမိ လိုချင်တဲ့အချိန် လိုချင်တဲ့နေရာမှာ မိမိရဲ့ တိုက်ရိုက်ပစ်နဲ့ သွယ်ဝိုက်ပစ် လက်နက်တွေကို ထိမှန်ပေါက်ကွဲမှုတိကျစေဖို့အတွက် ကြိုတင်ပြင်ဆင် ထားရပါတယ်။ 

တတိယအချက်ကတော့ ပစ်ခတ်မှုစည်းမျဉ်းထားရှိဖို့နဲ့ ချုံခိုမစတင်မီ ခြေလုံလက်လုံရှိဖို့ ဖြစ်ပါတယ်။ 

ဒုတိယနဲ့ တတိယအချက်တွေကို ပေါင်းစပ်အသုံးချနိုင်ပြီဆိုရင်တော့ ရန်သူကို စိတ်ပိုင်းဆိုင်ရာသာမက ရုပ်၀တ္ထုပိုင်းဆိုင်ရာမှာပါ တုန်လှုပ် ခြောက်ခြားစေတဲ့ shock effect ရပြီဖြစ်လို့ ရည်မှန်းချက်အောင်မြင်ဖို့ အတော်သေချာနေပြီ ဖြစ်ပါတယ်။ 

တပ်ဖြန့်နိုင်တဲ့မြေအနေအထားအရ ချုံခိုတိုက်ပွဲတွေကို အများအား ဖြင့် တပ်ဖွဲ့ငယ်အဆင့်နဲ့သာ ဆောင်ရွက်ကြရလေ့ ရှိပါတယ်။ ဒါကြောင့် တပ်စု၊ တပ်စိတ်တွေရဲ့ ခေါင်းဆောင်မှုကောင်းမွန်ခြင်းကလည်း အလွန်ကို အရေးပါလှပါတယ်။ 

နောက်တစ်ချက်ကတော့ ဖြတ်အဖွဲ့ကတာဝန်ယူရတဲ့ လုံခြုံရေး တာဝန် ဖြစ်ပါတယ်။ ချုံခိုတိုက်ခိုက်မယ့် မိမိရဲ့နောက်ပိုင်းနဲ့ စစ်နံတွေ မလုံခြုံရင်လည်း မိမိရဲ့ရည်မှန်းချက်ကို ရန်သူက အလွယ်တကူ အနှောင့် အယှက်ပေးလာနိုင်ပါတယ်။ 

နောက်ဆုံးအနေနဲ့ အရေးကြီးတဲ့အချက်ကတော့ စီမံချက်ရှင်းလင်းမှု ရှိဖို့ ဖြစ်ပါတယ်။

အခြေခံအချက်တွေကို တင်ပြအပြီးမှာ ချုံခိုတိုက်ပွဲအမျိုးအစားတွေ အကြောင်းကို ဆက်လက်တင်ပြချင်ပါတယ်။ မြေအနေအထားကို မသိနိုင် တဲ့အတွက် ပုံစံ(shape)နဲ့ မတင်ပြတော့ပဲ ပြင်ဆင်မှုအပေါ် မူတည်တဲ့ ယေဘုယျအမျိုးအစားတွေကိုပဲ ဖော်ပြသွားပါ့မယ်။

အဲဒါတွေကတော့----
ရုတ်ချည်းချုံခို - ပေါ်ပေါက်လာတဲ့ အခွင့်အရေးအပေါ်မူတည်ပြီး ချက်ချင်းလုပ်ဆောင်ရတဲ့ ချုံခိုတိုက်ပွဲအမျိုးအစား ဖြစ်ပါတယ်။

 ဒီ ချုံခိုအမျိုးအစားမှာ ချုံခိုတဲ့တပ်ဟာ လှည့်ကင်းဆောင်ရွက်နေတဲ့ တပ် ဒါမှမဟုတ် ချုံခိုဖို့ အခွင့်အလမ်းရှာနေတဲ့တပ်ဖြစ်ပြီး ထောက်လှမ်း ရေးသတင်း မသေချာမှု၊ ပြင်ဆင်ချိန်နည်းပါးမှုနဲ့ ချုံခိုဖို့လိုအပ်တဲ့ စုဖွဲ့မှုတွေ အချိန်မီပြီး/မပြီး၊ ချုံခိုမဲ့နေရာကို အချိန်မီရောက်/မရောက်၊ အပြန်ပြန် အလှန်လှန် သုံးသပ်ပြီး ချုံခိုမှုကရရှိမဲ့အကျိုးအမြတ်နဲ့ မိမိဆုံးရှုံးမှု ဘယ်ဟာက ပိုသာနိုင်သလဲ၊ မိမိတပ်ကရော ချုံခိုတိုက်ခိုက်ဖို့ လေ့ကျင့် ပြင်ဆင်ထားမှု ရှိသလား၊ စတဲ့အချက်တွေကို သေသေချာချာ စဉ်းစား ဆုံးဖြတ်ပြီးမှ လုပ်ဆောင်သင့်တဲ့ အမျိုးအစားဖြစ်ပါတယ်။

ကြိုတင်စီစဉ်ထားတဲ့ချုံခို - ဒီနည်းနာကတော့ ရုတ်ချည်းချုံခိုနဲ့ လုံး၀ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ ကြိုတင်စီစဉ်ထားတဲ့ချုံခို အမျိုးအစားဟာ ထောက်လှမ်းရေးသတင်း လုံလောက်စွာ စုဆောင်းရရှိပြီး ချုံခိုဆောင်ရွက် ဖို့လိုအပ်တဲ့ တပ်စုဖွဲ့မှုကို သေချာစွာ ဖွဲ့စည်းနိုင်တဲ့အတွက် အားသာချက် ဖြစ်ပါတယ်။ 

ချုံခိုတိုက်ပွဲအောင်မြင်ဖို့အတွက် ထောက်လှမ်းရေးသတင်းအနေနဲ့ စုဆောင်းရမဲ့ သတင်းအချက်အလက်တွေကတော့----

မိမိချုံခိုတိုက်ခိုက်မယ့်ရန်သူ့တပ်ရဲ့ အရွယ်အစားနဲ့စုဖွဲ့မှု။ ရန်သူကိုင် ဆောင်လာတဲ့ လက်နက်နဲ့ စစ်ပစ္စည်းအမျိုးအစား။ ရန်သူချီတက်လာမယ့် လမ်းကြောင်းနဲ့ အရပ်မျက်နှာ။ မိမိတို့ ချုံခိုတိုက်ခိုက်မယ့်နေရာကို ရောက် ရှိမယ့်အချိန်တို့ပဲ ဖြစ်ပါတယ်။ 

ဒီနေရာမှာ ချုံခိုတိုက်ခိုက်တဲ့ အမျိုးအစားအပေါ်မူတည်ပြီး (၂)မျိုး ထပ်ခွဲလို့ ရပါသေးတယ်။

တိကျချုံခို - နာမည်အတိုင်းပဲ တိတိကျကျ သတ်မှတ်ထားတဲ့နယ်မြေ ဒါမှမဟုတ် သတ်ကွင်းအတွင်းမှာသာ ချုံခိုတိုက်ခိုက်တာ ဖြစ်ပါတယ်။

 ဒီအမျိုးအစားမှာ မိမိရဲ့ရည်မှန်းချက် အောင်မြင်ဖို့အတွက် အထောက်အကူပြုမဲ့ မြေအနေအထားကို ရွေးချယ်တိုက်ခိုက်နိုင်ဖို့က အလွန်အရေးကြီးပါတယ်။

ဧရိယာချုံခို - ဒီအမျိုးအစားမှာတော့ နယ်မြေတစ်ခုတည်းမှာ အနည်းဆုံး(၂)နေရာ ဒါမှမဟုတ် အဲဒါထက်ပိုတဲ့ နေရာတွေကနေ ဝိုင်းဝန်း ပစ်ခတ်ပြီး ချုံခိုတာဖြစ်ပါတယ်။ 

ဒီလိုချုံခိုရာမှာ တစ်ပြိုင်နက်ပစ်ခတ်တာ ဖြစ်နိုင်သလို အစဉ်လိုက် ပစ်ခတ်တာလည်း ဖြစ်နိုင်ပြီး အနည်းဆုံး မိမိတပ်ကို (၂)ဖွဲ့ခွဲလိုက်ရမှာ ဖြစ်တဲ့အတွက် ချုံခိုမဲ့တပ်ဖွဲ့တွေအကြားမှာ အပြန်အလှန် ပူးပေါင်းဆောင် ရွက်မှုကောင်းမွန်ဖို့က အလွန်ကိုအရေးကြီးကြောင်း တွေ့ရှိရပါတယ်။

ချုံခိုတိုက်နည်းကို ပြောက်ကျားစစ်ဆင်ရေးနဲ့၊ တန်ပြန်ပြောက်ကျား စစ်ဆင်ရေးတွေမှာပါ သုံးစွဲနိုင်တယ်လို့ဆိုပေမဲ့ ချုံခိုတိုက်ခိုက်မယ့်တပ်ဖွဲ့ တွေရဲ့ ခြေလုံလက်လုံရှိမှု၊ မြေအနေအထားကျွမ်းကျင်မှုနဲ့ လျှင်မြန်စွာ စု/ဖြန့် လှုပ်ရှား စစ်ကစားနိုင်မှုတွေအရ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်တွေ ထက် နယ်မြေခံပြောက်ကျားတပ်ဖွဲ့တွေကသာ ပိုမိုထိရောက်စွာ အသုံးချ နိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။     ။

(စိုးမိုးနိုင်)
၂၀၂၂ ဧပြီလ (၇)ရက်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required