အမေရိကန်ကို ရင်ဆိုင်ရန် တရုတ်စစ်တပ်က ညဘက်စစ်ရေးလေ့ကျင့်မှုများ အရှိန်မြှင့်လုပ်ဆောင်

အမေရိကန်ကို ရင်ဆိုင်ရန် တရုတ်စစ်တပ်က ညဘက်စစ်ရေးလေ့ကျင့်မှုများ အရှိန်မြှင့်လုပ်ဆောင်

တရုတ်စစ်တပ်က အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် နေ့ရောညပါ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည့်ရုပ်သံကို တရုတ်အစိုးရပိုင် ရုပ်မြင်သံကြား CCTV က ထုတ်လွှင့်ပြသခဲ့ပြီး ယင်းကဲ့သို့ လေ့ကျင့်ခြင်းသည် ဒေသတွင်းရှိ အမေရိကန်ရေတပ်၏ တိုးမြှင့်လာသည့် လှုပ်ရှားမှုများကို တန်ပြန်ရန် တရုတ်က ယခုနှစ်အတွင်း အရှိန်မြှင့်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ကာကွယ်ရေးဆိုင်ရာ လေ့လာဆန်းစစ်သူများက ပြောသည်။

Type 052D ဖျက်သင်္ဘော Zibo နှင့် Type 054A ဖရီးဂိတ် Yang Zhou ဦးဆောင်သည့် တရုတ်ရေတပ်သင်္ဘောအုပ်စုသည် ယခုလအတွင်း အရှေ့တရုတ်ပင်လယ်တွင် ကျည်အစစ်များသုံးကာ ၂ ရက်ကြာ စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က မတ်လ ၃၀ ရက်တွင် ထုတ်လွှင့်ခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ရေအောက်ကင်းထောက်ခြင်း၊ လေကြောင်းရန်ကာကွယ်ရေးနှင့် သင်္ဘောအချင်းချင်းတိုက်ခိုက်မှုများ ပါဝင်ကြောင်း CCTV မှ ထုတ်လွှင့်ခဲ့သည်။

Type 071 မြေပြင်နှင့် ရေပြင် သယ်ယူပို့ဆောင်ရေး သင်္ဘောပါဝင်သော နေ့ရောညပါ လေ့ကျင့်မှုကို ဟိုင်နန်ကျွန်းအနီးရှိ ကွမ်တုံးကမ်းရိုးတန်းအလွန်တွင် ပြုလုပ်ခဲ့သည်။

ယခုလအစောပိုင်းက J-10B နှင့် J-10BS တိုက်လေယာဉ်များသည် ဒေသတွင်းဖြတ်ကျော်လေ့ကျင့်မှု တစ်ခုတွင် နာရီ ၂၀ အတွင်း အကွာအဝေး ၅ ၀၀၀ ကီလိုမီတာ (မိုင် ၃ ၀၀၀) ထက်မနည်း ပျံသန်းခဲ့သည်။

အမေရိကန်သည် ဒေသတွင်း ကင်းထောက်ခြင်းနှင့် အခြားသော စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်လာသောကြောင့် တရုတ်စစ်တပ် (PLA) ၏ ရေတပ်နှင့် လေတပ်သည် ယခုနှစ်တွင် ညပိုင်းလေ့ကျင့်မှုကို တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း ကာကွယ်ရေးဆိုင်ရာ လေ့လာသုံးသပ်သူများက မှတ်ချက်ပြုသည်။

ကောင်ရွှန်းမြို့ရှိ ထိုင်ဝမ်ရေတပ်အကယ်ဒမီမှ နည်းပြဟောင်း လျူလီရှင်းက PLA ရေတပ်သည် ပင်လယ်ဝါ၊ အရှေ့တရုတ်နှင့်တောင်တရုတ်ပင်လယ်တို့တွင် ညသန်းခေါင်မှအရုဏ်တက်ချိန်အတွင်း လေ့ကျင့်မှု အကြိမ် ၇၀ အပါအဝင် မနှစ်က ညပိုင်းလေ့ကျင့်မှုပေါင်း ၁၀၀ နီးပါးပြုလုပ်ခဲ့ပြီး ၂၀၂၀ ခုနှစ်က သန်းခေါင်နှင့်အရုဏ်တက်ချိန်အကြားလေ့ကျင့်မှု ၁၁ ခုအပါအဝင် ညပိုင်းလေ့ကျင့်မှု အကြိမ် ၃၀ ခန့် ရှိခဲ့သည်ဟု ဆိုသည်။

တရုတ်စစ်တပ်သည် မောင်းသူမဲ့ လေယာဉ်၊ ရဟတ်ယာဉ်နှင့် တာတိုပစ်ဒုံးကျည်များပါသော လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်ပစ်ခတ်မှုလေ့ကျင့်ရေးကို တိုးမြှင့်ရုံသာမကဘဲ ပင်လယ်ပြင်နှင့် ဝေဟင်တွင် အမေရိကန်၏ အနီးကပ် ထောက်လှမ်းမှုကို တန်ပြန်ရန် လေ့ကျင့်မှုနယ်ပယ်ကိုလည်း တိုးချဲ့လာခြင်းဖြစ်ကြောင်း လျူက ထိုင်ဝမ်အမျိုးသားတက္ကသိုလ် အလုပ်ရုံဆွေးနွေးပွဲ၌ မတ်လ ၃၁ ရက်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly