ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ်က ကာကွယ်ရေး တပ်ဖွဲ့တွေကို ပြစ်တင်ရှုတ်ချကြောင်း သတင်းမှား ဖြန့်

By သတင်းနှင့် မီဒီယာ ကွန်ရက်။
07 April 2022
ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ်က ကာကွယ်ရေး တပ်ဖွဲ့တွေကို ပြစ်တင်ရှုတ်ချကြောင်း သတင်းမှား ဖြန့်

၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်။

PDF တွေဟာ စစ်ကောင်စီကို တော်လှန်နေတာ မဟုတ်ပဲ လက်နက်မဲ့ ပြည်သူတွေကို တော်လှန်နေတယ်လို့ ရက္ခိုင့်တပ်တော် ULA/AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောလိုက်တယ်ဆိုတဲ့ သတင်းပို့စ်တစ်ခုကို Nyein Nyein ဆိုသူ Facebook အကောင့်ပိုင်ရှင်က မှုခင်းသတင်း၊ နိုင်ငံရေးနှင့် အထွေထွေသတင်းများ ဆိုတဲ့ Facebook Group မှာ ရေးတင်ထားပါတယ်။

အဲဒီ သတင်းပို့စ်ကို ဧပြီလ ၄ ရက်နေ့မှာ ရေးတင်ထားတာဖြစ်ပြီး “PDF အဖွဲ့ဟာ စစ် ကောင်စီကို တော်လှန်နေ တာမဟုတ်ပဲ လက်နက်မဲ့ပြည်သူကို တော်လှန်နေတာလို့ AA ပြော” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတာကို တွေ့ရ ပါတယ်။

Nyein Nyein ဆိုသူက “PDF အဖွဲ့တွေဟာ စစ်ကောင်စီကိုတော်လှန်တာမဟုတ်ပဲ လက်နက်မဲ့ အရပ်သားတွေကို တော်လှန်နေတာဟု AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်မှပြောကြားလိုက်ပါတယ်။ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ဗမာတပ်မတော်နဲ့ ဗမာ စစ်သွေးကြွ PDF တွေဖြစ်နေတာမဟုတ်ပဲ လက်နက်မဲ့တဲ့ ပြည်သူတွေကို သတ်ဖြတ်နေ တာက တော်လှန်ရေး မဟုတ်ဘူး ဒါကတော့ လူမှုရေးကိစ္စတွေကို မကျေနပ်လို့ ဒလန်ဆိုပြီး သတ်နေကြတာ၊ ကျွန်တော်တို့ရခိုင့် တပ်တော်အနေနဲ့အခုချိန်ထိ လက်နက်မဲ့တဲ့ ပြည်သူကိုမသတ်ဖူးဘူး။ စစ်ကြောင်းတွေ ကျူး ကျော် လာရင်တော့ဖြစ်တာက လူမျိုးရေးတိုက်ပွဲ မဟုတ်ဘူး။ ဒါက AA တပ်တော်နဲ့ ဗမာတပ်မတော် ဖြစ်တဲ့ တိုက် ပွဲတွေ၊ ဒါကတိုက်ပွဲအစစ်” (မူရင်းအရေးအသားအတိုင်း) ဆိုပြီး ရေးသားထားပါတယ်။

ဒါ့အပြင် PDF တွေက ULA/AA နဲ့ လာပူးပေါင်းရင် ULA/AA က လက်ခံမှာ မဟုတ်ဘူးဆိုပြီးတော့လည်း Nyein Nyein က ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။

“လက်ရှိ PDF ဆိုတာကကျွန်တော်တို့ ရခိုင်ပြည်မှာနေရာ မပေးဘူး။ ဒီကောင်တွေကတော်လှန်ရေး လုပ်တာ မှ မဟုတ်တာ ဒီကောင်တွေက အကြမ်းဖက်နေတာ ဒီပုံစံအတိုင်းသာ PDF တွေကို လွတ်ထားရင်တော့ ကြာလာ လေ ဗမာအချင်းချင်း သတ်ပြီးတော့ မျိုးတုံးဖို့ပဲရှိတော့တယ်။ PDF တွေအနေနဲ့ ကျွန်တော်တို့ကို လာပူးပေါင်းရင် လည်း ကျွန်တော်တို့ကလက်မခံဘူး လိုအပ်လာရင်တော့ ဒီကောင်တွေကိုပါ ပေါင်းပြီးရှင်းဖို့ပဲရှိတယ်လို့ ပြော ကြားသွားတယ်ဟု သတင်းရရှိပါတယ်” ဆိုပြီး PDF တွေက ULA/AA နဲ့ လာပူးပေါင်းရင် ULA/AA က လက်ခံမှာ မဟုတ်ဘူးဆိုပြီးလည်း Nyein Nyein ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုတွေဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ Nyein Nyein ဆိုသူ ရေးသားထားသလိုမျိုး ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောဆိုထားတာမျိုး မရှိလို့ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ ဈာပန အခမ်းအနားမှာ ဗိုလ်ချုပ်ထွန်းမြတ် နိုင် စကားပြောခဲ့ပေမယ့် Nyein Nyein ဆိုသူ ရေးသားထားသလိုမျိုး ပြောဆိုထားတာမျိုးကို မတွေ့ရပဲ ULA/AA စတင်တည်ထောင်စဉ်က ဦးဖုန်ကြားရှင်ကနေ လက်နက်ကူညီခဲ့တဲ့ အကြောင်းတွေ၊ အဲဒီလက်နက် တွေနဲ့ ရခိုင်ပြည်နယ်ထဲကို ထိုးဖောက်ဝင် ရောက်ခဲ့တဲ့ အကြောင်းတွေအပြင် ကိုးကန့် နဲ့ ရခိုင်တိုင်းရင်းသား တွေရဲ့ ကြီးကျယ်နက်ရှိုင်းတဲ့ ပတ်သက်မှုနဲ့ သံယောဇဉ် အကြောင်းတွေကို ပြောဆိုထားတာကိုပဲ တွေ့ရပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ ဈာပန အခမ်းအနားမှာ ပြောဆိုခဲ့တဲ့ ရုပ်သံကို https://bit.ly/3r2z2v9 မှာ ဝင်ကြည့်လို့ရပါတယ်။

ဒါ့အပြင် Nyein Nyein ဆိုသူ အသုံးပြုထားတဲ့ ဓာတ်ပုံဟာလည်း ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က ရက္ခိုင့်တပ်တော် ULA/AA တည်ထောင်တာ ၇ နှစ် ပြည့်တဲ့ အခမ်းအနားက ဓာတ်ပုံကို အသုံးပြုထားတာဖြစ် တဲ့ အတွက် လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် ULA/AA ရဲ့ ၁၃ နှစ်ပြည့် မွေးနေ့နဲ့ အချိန်ကိုက် သတင်းအမှား ဖြန့်ဝေထားတာကိုလည်း တွေ့ရပါတယ်။

ULA/AA တည်ထောင်တာ ၇ နှစ်ပြည့် အခမ်းအနားဓာတ်ပုံကို ဒီမှာ https://bit.ly/3NOSV2h ဝင်ကြည့်လို့ရပါ တယ်။

Nyein Nyein ဆိုသူ ရေးသားထားသလိုမျိုး ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောခဲ့တယ်ဆိုရင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရဲ့ ပြောစကားကို ကိုးကားပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေက သတင်းရေးသားကြမှာ ဖြစ်ပေမယ့် ဘယ် သတင်းဌာနကမှ သတင်းရေးသားထုတ်လွှင့်ထားတာကို မတွေ့ရပါဘူး။

ဒါကြောင့် အချက်အလက်တွေကို တိုက်စစ်ကြည့်လိုက်တဲ့အခါမှာ Nyein Nyein ဆိုသူရဲ့ ရေးသားမှုဟာ ULA/AA နဲ့ PDF တွေအကြားမှာ ပဋိပက္ခဖြစ်အောင်၊ ပြည်သူတွေက ULA/AA ကို အထင်အမြင်မှားအောင် လိမ်ညာ ဝါဒဖြန့် ရေးသားထားတဲ့ သတင်းအမှား ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

Nyein Nyein ဆိုသူက အခု ရေးသားထားတဲ့ သတင်းအမှားကို စစ်ကောင်စီ ထောက်ခံသူတွေနဲ့ အမျိုးသား အရေး လှုပ်ရှားသူတွေရဲ့ Facebook Group တွေမှာလည်း ထပ်ဆင့် မျှဝေထားတာကိုလည်း တွေ့ရပါတယ်။ လက်ရှိ ကာ လမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီးရေးသားပြီး တော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

သတင်းအမှား ဖြန့်ဝေသူတွေဟာ စာဖတ်သူတွေရဲ့ အတွေးအခေါ် အမြင်ဝေဝါးသွားအောင် ပြုလုပ်လျက်ရှိပြီး အထူးသဖြင့် အခုအချိန်မှာဆိုရင် PDF ၊ CRPH ၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်း ဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတစ်မျိုးနဲ့ တစ်မျိုး အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေတာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုး မျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာ နတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

#MizzimaTV

#AA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required