ဖားကန့်မြို့တွင် Mytel အင်တာနက်လိုင်း ပြန်ဖွင့်ပြီးနောက် Sim Card များအဝယ်လိုက် 

ဖားကန့်မြို့တွင် Mytel အင်တာနက်လိုင်း ပြန်ဖွင့်ပြီးနောက် Sim Card များအဝယ်လိုက် 

ဧပြီလ ၆ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် Mytel အင်တာနက်လိုင်းကို ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက တစ်နာရီခန့် ဖွင့်ပေးခဲ့ပြီးနောက် ယမန်နေ့ မနက်ပိုင်းကစကာ အချိန်ပြည့် ပြန်ဖွင့်ပေးထားသည့် အတွက် Mytel Sim card များ အဝယ်လိုက်နေကြောင်း သိရသည်။ 

လက်ရှိ ဖားကန့်တွင် စစ်ကောင်စီတပ် ပိုင်ဆိုင်သည့် Mytel Sim Card တစ်ခုလျင် ကျပ် ၅,၀၀၀ မှ ကျပ် ၃၀,၀၀၀ အထိ ဈေးပေါက်ကြောင်း ဆိုသည်။ 

“ဖားကန့်မှာက အားလုံး သိတဲ့အတိုင်း အင်တာနက်လိုင်းက ဖြတ်ထားတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူတို့က Mytel အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးထားတယ်။ အဲဒါကြောင့် အဝယ်များနေတာ ဟုတ်တယ်။ ဘယ်အချိန် ပြန်ပိတ်ပေးမလဲတော့ မသိသေးဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း အင်တာနက်လိုင်းများ ခေတ္တ ပြန်ဖွင့်ပေးခဲ့၍ ဒေသခံများက ဖုန်းဆင်းကဒ်နှင့် ဖုန်းဘလ်များ ဝယ်ခဲ့ကြပြီး နောက်ပိုင်း စစ်ကောင်စီက အင်တာနက်လိုင်းများ ပြန်ပိတ်ခဲ့သည်။ 

လက်ရှိ Mytel အင်တာနက်လိုင်း ပြန်ဖွင့်ပေးသော်လည်း ဖားကန့်မြို့နယ် နေရာ အချို့တွင်သာ အသုံးပြုနိုင်ကြောင်း ဒေသခံများက ဆိုသည်။ 

စစ်ကောင်စီက ဖားကန့်မှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ ညဦးပိုင်းမှ စ၍ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ရာ ယခု ရှစ်လနီးပါး ရှိနေပြီဖြစ်ကာ အင်တာနက်ဆိုင်တွင် တစ်နာရီ တစ်သောင်းဖြင့် သုံးစွဲနေရကြောင်း သိရသည်။ 

ဖားကန့်မြို့နယ်တွင်  Mytel တာဝါတိုင် ငါးခု ဗုံးခွဲ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required