တရုတ်နှင့်ရုရှားတို့၏ ခြိမ်းခြောက်မှုများကြောင့် ဩစတြေးလျက ဒုံးကျည်ပိုင်ဆိုင်မှု အဆင့်အတန်းကို တိုးမြှင့် လုပ်ဆောင်

တရုတ်နှင့်ရုရှားတို့၏ ခြိမ်းခြောက်မှုများကြောင့် ဩစတြေးလျက ဒုံးကျည်ပိုင်ဆိုင်မှု အဆင့်အတန်းကို တိုးမြှင့် လုပ်ဆောင်

ရုရှားနှင့် တရုတ်တို့၏ ခြိမ်းခြောက်မှုများ ကြီးထွားလာခြင်းကြောင့် သြစတြေးလျသည် သတ်မှတ်ချိန်ထက် နှစ်ပေါင်းများစွာစော၍ တာဝေးပစ်ဒုံးကျည်များကို ဝယ်ယူရန် အစီအစဉ်များကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။

တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများကို လက်နက်တပ်ဆင်ခြင်း ပိုမိုလုပ်ဆောင်လာခြင်းသည် သြစတြေးလျဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ) ကုန်ကျမည်ဖြစ်ပြီး ခြိမ်းခြောက်နိုင်မည့် ရန်သူများအပေါ် သြစတြေးလျ၏ ဟန့်တားမှုကို ပိုမိုအားကောင်းစေနိုင်မည်ဟု ကာကွယ်ရေးဝန်ကြီး ပီတာဒက်တန်က ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။

“ထိုင်ဝမ်ကို တရုတ်က ရန်လိုတဲ့ လုပ်ရပ်ဟာ ၂၀၄၀ ခုနှစ်အလွန်တွေမှာ ဖြစ်လာနိုင်တယ်လို့ ယူဆထားတယ်။ အချိန်ဟာ သိသိသာသာ နီးလာပြီ” ဟု ဒက်တန်က Seven Network ရုပ်သံသို့ ပြောကြားခဲ့သည်။

ပြန်လည်ပြင်ဆင်ထားသော အချိန်ဇယားအရ FA-18F Super Hornet တိုက်လေယာဉ်များသည် မူလ သတ်မှတ်ချိန်ထက် ၃ နှစ်စောကာ ၂၀၂၄ ခုနှစ်တွင် အမေရိကန်မှ ထုတ်လုပ်သော ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်များ တပ်ဆင်ပေးမည်ဖြစ်သည်။

JASSM-ER ဒုံးကျည်များသည် တိုက်လေယာဉ်များအား ကီလိုမီတာ ၉၀၀ အကွာအဝေးရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်စေမည်ဖြစ်သည်။

သြစတြေးလျ၏ ANZAC Class ဖရီးဂိတ်စစ်သင်္ဘောများနှင့် Hobart Class ဖျက်သင်္ဘောများသည် ၂၀၂၄ ခုနှစ်တွင် နော်ဝေနိုင်ငံထုတ် Kongsberg NSM ဒုံးကျည်များ တပ်ဆင်မည်ဖြစ်ပြီး သတ်မှတ်ချိန်ထက် ၅ နှစ် စော၍ လုပ်ဆောင်ခြင်းဖြစ်သည်။

အဆိုပါဒုံးကျည်များသည် စစ်သင်္ဘောများပစ်ခတ်နိုင်သည့်အကွာအဝေးထက် နှစ်ဆပိုများသည်။

ဆော်လမွန်ကျွန်းစုက တရုတ်နိုင်ငံနှင့် လုံခြုံရေးသဘောတူညီချက် စာချုပ်မူကြမ်းကို ကြေညာပြီးနောက် ဩစတြေးလျ၏လက်နက်တပ်ဆင်ရေးအချိန်ဇယားအသစ်ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းစည်းမျဉ်းများအရ တရုတ်သည် တည်ငြိမ်မှုနှင့် အခြားအကြောင်းအရာများကိုကူညီရန် တောင်ပစိဖိတ်ကျွန်းများသို့ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများ စေလွှတ်နိုင်မည်ဖြစ်သည်။ ရပ်နားရန်နှင့်ရိက္ခာများ ဖြည့်တင်းရန် ဆော်လမွန်သို့

စစ်သင်္ဘောများလည်းစေလွှတ်နိုင်သောကြောင့် ထိုနေရာတွင် တရုတ်ရေတပ်အခြေစိုက်စခန်း ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ထင်ကြေးပေးမှုများ ဖြစ်ပေါ်ခဲ့သည်။

ကျွန်းများတွင် စစ်ရေးအရ ခြေကုပ်ယူမှုကို တရုတ်က ငြင်းဆိုထားပြီး ထိုသံသယများက အခြားသူများကို တင်းမာမှုများ တိုးစေသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly