ထိုင်ဝမ်သမ္မတက တိုက်လေယာဉ်မှူးများကို တွေ့ဆုံအားပေး

ထိုင်ဝမ်သမ္မတက တိုက်လေယာဉ်မှူးများကို တွေ့ဆုံအားပေး

ထိုင်ဝမ်အနီးတွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ တိုးလာချိန်၌ သမ္မတ စိုင်အမ်ဝမ်က တိုက်လေယာဉ်မှူးများနှင့် တွေ့ဆုံကာ စိတ်ဓာတ် မြှင့်တင်အားပေးခဲ့သည်။

သမ္မတ စိုင်အမ်ဝမ်က ဧပြီလ ၁ရက်တွင် မြောက်ပိုင်း၊ ဆင်းချုမြို့ရှိ လေတပ်အခြေစိုက်စခန်းသို့ သွားရောက် ခဲ့ကြောင်း NHK World က ဖော်ပြခဲ့သည်။

အရေးပေါ်အခြေအနေများတွင် လေယာဉ်မှူးများ အသက်ရှင်သန်နိုင်မည့်နှုန်းကို မြှင့်တင်ရန် ဒီဇိုင်းထုတ်ထားသည့် စက်ပစ္စည်းများနှင့် ပတ်သက်၍ သမ္မတ စိုင်အမ်ဝမ်က ရှင်းလင်းပြောကြားခဲ့သည်။

လက်ရှိ နိုင်ငံတကာ အခြေအနေနှင့် အာဏာရှင်များ တိုးပွားလာခြင်းကြောင့် လေယာဉ်မှူး အယောက် ၇၀ ခန့်သည် ပြင်းထန်သော တာဝန်များကို ယူထားရသည်ဟု သူမက ပြောခဲ့ကြောင်း NHK World က ဖော်ပြခဲ့သည်။

တိုက်ခိုက်ရေး လေ့ကျင့်မှုသည် ထိုင်ဝမ်၏ မိမိကိုယ်ကို ကာကွယ်ရန် သန္နိဌာန်ကို ကမ္ဘာကို ပြသနိုင်လိမ့်မည်ဟု သူမက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၂ ရက်မှ မတ် ၂၂ ရက်အထိ ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန် (ADIZ) အတွင်းသို့ တရုတ် စစ်လေယာဉ် စုစုပေါင်း ၂၅၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြား ထားသည်။

ယင်းအရေအတွက်သည် ၂၀၂၁ခုနှစ် အလားတူကာလထက် ၂ ဆတိုးလာခဲ့သည်။

တရုတ်လေယာဉ်များနှင့် တွေ့ကြုံနေရသည့် ထိုင်ဝမ်လေယာဉ်မှူးများသည် ကြီးလေးသည့် တာဝန်ကို ထမ်းဆောင်နေကြရကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

ဇန်နဝါရီနှင့် မတ်လအတွင်းက လေ့ကျင့်မှုအတွင်း ထိုင်ဝမ်တိုက်လေယာဉ် ၂စင်း ပျက်ကျခဲ့သည်။ (ANI)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly