ပူတင်မှာ ခြစားမှု၏ ကိုယ်စားပြုပုံရိပ်ဟု ကန် ဘဏ္ဍာရေးအရာရှိ ပြော

ပူတင်မှာ ခြစားမှု၏ ကိုယ်စားပြုပုံရိပ်ဟု ကန် ဘဏ္ဍာရေးအရာရှိ ပြော

လန်ဒန်၊ ဇန်နဝါရီ-၂၆ ။           ။ အမေရိကန် ဘဏ္ဍာရေးအကြီးတန်းအရာအရှိတစ်ဦးက ရုရှသမ္မတ ဗလာဒီမီယာ ပူတင်မှာ အဂတိလိုက်စားကြောင်း ဘီဘီစီအစီအစဉ်တစ်ခုတွင် တိုက်ရိုက်စွပ်စွဲ ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံအတွင်းမှ ကရိုင်းမီးယားကို ရုရှက ၎င်း၏ပိုင်နက်အတွင်းသို့ သွတ်သွင်းပြီးနောက် ၂၀၁၄ ခုနှစ်တွင် အမေရိကန်အစိုးရက ကရင်မလင်အတွင်းလူ အတော်များများကို ဒဏ်ခတ်ပိတ်ဆို့မှုများ ပြဌာန်းခဲ့သော်လည်း ပူတင်မှာ အကျင့်ပျက်ခြစားမှုများတွင် တိုက်ရိုက်ပါဝင် ပတ်သက်နေကြောင်းကိုမူ စွပ်စွဲပြောကြားခဲ့ခြင်း မရှိခဲ့ပေ။

သို့ရာတွင် ပူတင်၏ လျှို့ဝှက်ချမ်းသာကြွယ်ဝမှုများကို ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးရာတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးထောက်လှမ်းမှုဆိုင်ရာ ယာယီအကြီးတန်းအရာရှိ အဒမ် ဇူဘင်က ပူတင်မှာ အကျင့်ပျက်ခြစားမှု၏ ကိုယ်စားပြုပုံရိပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ပူတင်က သူ့အပေါင်းအပါတွေ၊ ရင်းနှီးတဲ့ မဟာမိတ်တွေကို ချမ်းသာကြွယ်ဝစေပြီး သူက မိတ်ဆွေလို့ မသတ်မှတ်သူတွေကိုတော့ နိုင်ငံပိုင်ဥစ္စာတွေကို မသုံးနိုင်အောင် ဘေးထုတ် ထားတာကို မြင်နေရပါတယ်” ဟု အမေရိကန် ဘဏ္ဍာရေးဌာန၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ကြီးကြပ်နေသည့် ဇူဘင်က ဘီဘီစီ၏ ပင်နိုရားမားအစီအစဉ်သို့ ပြောကြားခဲ့ရာ ပူတင်၏ ပုဂလိကပိုင် ငွေကြေးနှင့် ပတ်သက်၍ အစိုးရတစ်ရပ်က ပထမဆုံးအကြိမ်အဖြစ် မာမာထန်ထန် ပြောကြားလာခဲ့ခြင်းပင် ဖြစ်သည်။

“ရုရှရဲ့ စွမ်းအင်ဓနဥစ္စာတွေမှာပဲဖြစ်ဖြစ်၊ အခြား နိုင်ငံတော်ကန်ထရိုက်စာချုပ်တွေမှာပဲ ဖြစ်ဖြစ် သူယုံကြည်တဲ့သူတွေက သူ့အကျိုးကို ဆောင်ကြရပြီး၊ သူမယုံကြည်တဲ့သူတွေကိုတော့ ဖယ်ထုတ်ထားပါတယ်။ ကျနော့်အတွက်တော့ ဒါဟာ အဂတိလိုက်စားမှုပါပဲ”ဟု ဇူဘင်က ပြောကြားခဲ့သည်။

ပူတင် အဂတိလိုက်စားသည်ကို အမေရိကန်အစိုးရက နှစ်ပေါင်းများစွာကပင် သိရှိနေခဲ့သည်ဟုလည်း ဇူဘင်က ထပ်လောင်း ပြောကြားခဲ့သည်။

ထိုအစီအစဉ်က ပူတင်၏ ပိုင်ဆိုင်မှုအရပ်ရပ်မှာ ကန်ဒေါ်လာ ၄၀ဘီလျံ (ယူရို ၃၇ဘီလျံ) နီးပါးရှိသည်ဟု ဖော်ပြထားသည့် ၂၀၀၇ ခုနှစ်က လျှို့ဝှက် စီအိုင်အေ အစီရင်ခံစာတစ်စောင်ကို ကိုးကားဖော်ပြခဲ့သည်။

“ပူတင်က လစာငွေ တစ်နှစ် ကန်ဒေါ်လာ ၁၁၀၀၀၀လောက်ကို ထုတ်ယူနေပါတယ်။ ဒါက သူ့ပိုင်ဆိုင်မှု အတိအကျကို မဖော်ပြနိုင်ပါဘူး။ ပူတင်ဟာ သူ့ရဲ့ အမှန်တကယ် ချမ်းသာကြွယ်ဝမှုကို ဘယ်လိုဖုံးကွယ်ထားရမလဲဆိုတာကို ကာလရှည် အလေ့အကျင့်ရထားသူပါ”ဟု ဇူဘင်က ပြောကြားခဲ့သည်။

ထိုအစီအစဉ်က နိုင်ငံပိုင် သင်္ဘောတင်ကုမ္ပဏီတစ်ခုဖြစ်သည့် Sovcomflotကို ဦးစီးခဲ့သော ဒီမီထရီ စကာဂါနှင့် အင်တာဗျူးကိုလည်း ဖော်ပြခဲ့သည်။ စကာဂါက ချယ်ဆီးဘောလုံးကလပ်ပိုင်ရှင် ရိုမန် အဗရာမိုဗစ်ထံမှ ကန်ဒေါ်လာ ၃၅သန်းတန် ရွက်လှေတစ်စင်းကို ပူတင်ထံသို့ လွှဲပြောင်းပေးခဲ့ရသည်ဟု ပြောကြားခဲ့သော်လည်း အဘရာမိုဗစ်၏ ရှေ့နေများကမူ ယင်းမှာ ခန့်မှန်းပြောဆိုချက်မျှသာဖြစ် သည်ဟု ငြင်းဆန်ခဲ့သည်။

ပူတင်၏ ပြောခွင့်ရပုဂိုလ်က ဘီဘီစီသို့ ပြောကြားရာတွင်မူ ပူတင်၏ ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် မေးခွန်းများမှာ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်သောကြောင့် ပြန်လည်ဖြေကြားစရာမလိုဟု ဆိုသည်။
၂၀၁၄ခုနှစ်က ကရင်မလင်ဝဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် ပိုင်ဆိုင်မှုကြေညာချက်အရမူ ရုရှသမ္မတမှာ ရူဘယ်ငွေ ၃.၇သန်း (ကန်ဒေါ်လာ ၁၀၄၀၀၀) ဝင်ငွေရှိပြီး၊ ရုရှလုပ် ကား၃စင်း၊ ၇၇ စတုရန်းမီတာ အကျယ်ရှိ တိုက်ခန်းတစ်ခန်း၊ ဂိုဒေါင်တစ်လုံးနှင့် မြေကွက်တစ်ကွက်သာ ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။

ပူတင်၏ ကြေညာထားသည့် ပိုင်ဆိုင်မှုမှာ ကရင်မလင်အရာရှိများထဲတွင် အနိမ့်ဆုံးဖြစ်နေပြီး၊ ဥရောပနိုင်ငံများတွင် အိမ်များစွာ၊ ကားများစွာနှင့် ကြွားဝါနေကြသည့် ဝန်ကြီးအများစုထက် နိမ့်ကျနေသည်။
ကေဂျီဘီအေးဂျင့်ဟောင်းတစ်ယောက်ဖြစ်သည့် ပူတင်က ၎င်းမှာ ဥရောပ၏ အချမ်းသာဆုံးလူတစ်ယောက်ဖြစ်သည်ဟူသည့် ပြောဆိုချက်များမှာ အဓိပ္ပာယ်မရှိကြောင်းနှင့် သူ၏ နာမည်ဂုဏ်သတင်းကို ဖျက်စီးခြင်းသက်သက်မျှသာဖြစ်ကြောင်း လှောင်ပြောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly