အိန္ဒိယတွင် လွန်ခဲ့သည့် ၇ နှစ်အတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာ

အိန္ဒိယတွင် လွန်ခဲ့သည့် ၇ နှစ်အတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာ

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၇ နှစ်မှစတင်၍ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ (FDI) တိုးလာနေပြီး ရင်းနှီးမြှုပ်နှံမှုများအတွက် ကောင်းမွန်သည့်နေရာဖြစ်လာကြောင်း စီးပွားကူးသန်းနှင့် စက်မှု လုပ်ငန်း ဝန်ကြီး ပီရွတ်ဂိုရယ်က မတ် ၂၇ ရက်တွင် ပြောကြားလိုက်သည်။

“လွန်ခဲ့တဲ့ ၇ နှစ်အတွင်း FDI ပုံမှန်တိုးတက်ခဲ့ပြီး စံချိန်တင်ခဲ့တာကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အိန္ဒိယဟာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ရွေးချယ်လုပ်ကိုင်ရမယ့်နေရာဆိုတာကို ပြသတာဖြစ်ပါတယ်” ဟု ANI နှင့် သီးသန့် အင်တာဗျူးတွင် ဂိုရယ်က ပြောကြားသည်။

ကိုဗစ်-၁၉ ကာလအတွင်း၌ပင် အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံမှုများ စံချိန်တင် မြင့်တက်ခဲ့ကြောင်းလည်း ဝန်ကြီးက ပြောကြားသည်။

ဂျမူးနှင့် ကက်ရှ်မီးယားဒေသအား အထူးအုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားသည့် ပုဒ်မ ၃၇၀ အား ဖျက်သိမ်း ပြီးနောက် ယင်းဒေသသည် ပြည်တွင်းနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် စိတ်ဝင်စားစရာ ကောင်းသည့် နေရာတစ်ခုဖြစ်လာကြောင်း အာရပ်စော်ဘွားများနိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်များ ဂျမူးနှင့် ကက်ရှ်မီးယား ဒေသသို့ လာရောက်သည့် ခရီးစဉ်အား မေးမြန်းမှုနှင့် ပတ်သက်၍ ဂိုရယ်က ပြန်လည်ဖြေကြားသည်။

“၂၀၁၉ ခုနှစ်၊ ဩဂုတ်လအတွင်း ပုဒ်မ ၃၇၀ ကို ဖျက်သိမ်းပြီးနောက်မှာ ဂျမူးနဲ့ ကက်ရှ်မီးယားဒေသဟာ ပြည်တွင်းနဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားတဲ့နေရာ ဖြစ်လာခဲ့တယ်ဆိုတာ ယူအေအီးက အဆင့်မြင့် ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ်က သက်သေပြနေပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဒေသတွင်း ဆက်ဆံရေး အားကောင်းစေရန်နှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ တိုးတက်လာစေရန် Gulf Investment Summit ဆွေးနွေးပွဲကို ဂျမူးနှင့် ကက်ရှ်မီးယားအုပ်ချုပ်ရေးအဖွဲ့က ဆရီနဂါမြို့တွင် စီစဉ်ကျင်းပခဲ့ရာ ၃၆ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly