သီရိလင်္ကာတွင် စီးပွားရေးအကျပ်အတည်းကြောင့် ဆန္ဒပြမှုများ ဖြစ်ပွား၍ အရေးပေါ် အခြေအနေ ကြေညာ 

သီရိလင်္ကာတွင် စီးပွားရေးအကျပ်အတည်းကြောင့် ဆန္ဒပြမှုများ ဖြစ်ပွား၍ အရေးပေါ် အခြေအနေ ကြေညာ 
Photo - AFP

ဧပြီ ၂

သီရိလင်္ကာနိုင်ငံတွင် မကြုံစဖူး စီးပွားရေးအကျပ်အတည်းအား စိတ်ဆိုးဒေါသထွက်ကြပြီး သမ္မတအိမ်တော်ရာအား လူရာပေါင်းများစွာက ဝင်ရောက်စီးနင်းရန် ကြိုးစားပြီး နောက်တစ်ရက်တွင် သမ္မတက လုံခြုံရေးတပ်ဖွဲ့ဝင်များအား လုပ်ပိုင်ခွင့်အာဏာ ပေးပြီး သောကြာနေ့တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ 

အရှေ့တောင်အာရှ သီရိလင်္ကာနိုင်ငံတစ်ဝန်းတွင် သမ္မတ ဂေါ့တာဘာယာ ရာဂျာပက်ဆာ ရာထူးက ဆင်းပေးရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိချိန် စစ်တပ်က သံသယရှိသူများကို တရားစွဲဆိုခြင်းမရှိဘဲ ရေရှည်ဖမ်းဆီးချုပ်ထားနိုင်သည့် ပြင်းထန်သည့်ဥပဒေများကို သမ္မတက ခွင့်ပြုလာခြင်း ဖြစ်သည်။ 

“ဥပဒေ စိုးမိုးမှုအား ကာကွယ်ရန်နှင့် လူထုအတွက် မရှိမဖြစ် လိုအပ်သော ထောက်ပံ့မှုနှင့် ဝန်ဆောင်မှုများ ထိန်းသိမ်းကာကွယ်ရေးအတွက်” အရေးပေါ် အခြေအနေ ကြေညာခြင်းဖြစ်သည်ဟု ၎င်းက ကြေညာချက်တွင် ဆိုသည်။ 

လူဦးရေ ၂၂ သန်းရှိသော သီရိလင်္ကာတွင် ၁၉၄၈ ခုနှစ် ဗြိတိန်ထံမှ လွတ်လပ်ရေး ရပြီးနောက်ပိုင်း အဆိုးဆုံးအဖြစ် မရှိမဖြစ် ကုန်စည်များ ရှားပါးပြတ်လပ်ခြင်း၊ ဈေးနှုန်းများ အလွန်မြင့်တက်ခြင်းနှင့်   လျှပ်စစ်မီးများ ပြတ်တောက်ခြင်းတို့ကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။ 

မြို့တော် ကိုလံဘို အပါအဝင်ဖြစ်သော အနောက်ပိုင်းပြည်နယ်တွင် ညပိုင်းအပြင်မထွက်ရ ကာဖျူးမိန့်ကို သောကြာနေ့၌ ရဲက ပြန်လည်ချမှတ်လာခဲ့သည်။ 

ညနေအစောပိုင်း၌ လူစည်ကားရာ လမ်းဆုံတွင် ဆန္ဒပြလျက်ရှိစဉ် တက်ကြွလှုပ်ရှားသူ ဒါဇင်များစွာက လက်ရေးဖြင့် ရေးထားသော ဆိုင်းဘုတ်များနှင့် ရေနံဆီမီးအိမ်များကို ကိုင်ဆောင်ဆန္ဒပြကြသည်။ 

“ရာဂျာပက်ဆာ နုတ်ထွက်ရမယ့် အချိန်ပဲ”ဟု တစ်ခုသော ဆိုင်းဘုတ်၌ ရေးသားထားသကဲ့သို့ “အကျင့်ပျက်ခြစားမှု၊ အလိုမရှိ၊ ရာဂျာပက်ဆာ အိမ်ပြန်တော့”ဟု ရေးသားထားသည်ကိုလည်း မြင်တွေ့ရသည်။ 

ကုန်းမြင့်မြို့ နုဝါရာ အီလီယာတွင် တက်ကြွလှုပ်ရှားသူများက ဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ဆာ၏ ဇနီးဖြစ်သူ ပြုလုပ်သော ပန်းပြပွဲ ဖွင့်ပွဲကို ပိတ်ဆို့ခဲ့ကြကြောင်း ရဲက ပြောသည်။ 

ဂဲလ်လီ၊ မာတာရာနှင့် မိုရာတူဝါ တောင်ပိုင်းမြို့များ၌လည်း အစိုးရဆန့်ကျင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားပေါ်ပေါက်သကဲ့သို့ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပွားကြောင်း သိရှိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required