ဇွဲကပင်တောင်တွင် တက္ကသိုလ်ကျောင်းသူတစ်ဦးကိုသတ်ပြီး အလောင်းဖျောက်ထားသည်ဟုယူဆရ သော ဖြစ်စဉ်အတွက် လူသတ်မှုပုဒ်မဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်ထား

ဇွဲကပင်တောင်တွင် တက္ကသိုလ်ကျောင်းသူတစ်ဦးကိုသတ်ပြီး အလောင်းဖျောက်ထားသည်ဟုယူဆရ သော ဖြစ်စဉ်အတွက် လူသတ်မှုပုဒ်မဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်ထား

ဧပြီ ၂

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ဇွဲကပင်တောင်၊ အထက်ရေတံခွန်အနီး မရမ်းပင်အောက်တွင် ဘားအံတက္ကသိုလ်ကျောင်းသူတစ်ဦးအား သတ်၍အလောင်းဖျောက်ဖျက်ခံရသည်ဟုယူ ဆထားရသော ဖြစ်စဉ်အတွက် ထုံးအိုင်နယ်မြေရဲစခန်းက လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် ကနဦးအမှုဖွင့်ထားပြီး ဆက်စပ် တရားခံကို ရှာဖွေစုံစမ်းနေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန သတင်းအရင်းအမြစ်တစ်ခုက မဇ္စျိမသို့ ပြောကြားသည်။

“ပုဒ်မ ၃၀၂ နဲ့ ဖွင့်ထားပါတယ်။ ဖြစ်စဉ်အတွက်ကတော့ လောလောဆယ် မှန်းရခက်တယ်။ အလောင်း ကိုတွေ့ပြီးတော့ ဆေးရုံပို့ထားတယ်။ ဆေးစာအရ ကျွန်တော်တို့က လတ်တလော လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်။ ၃၀၂ ပုဒ်မနဲ့ မြောက် မမြောက်တော့ မသိနိုင်သေးဘူး။ ဒဏ်ရာက နည်းနည်းပုပ်နေ တယ်ဆိုတော့လေ။ ကျန်တာကတော့ အမှုအတွက် ဆက်ပြောလို့မရသေးဘူး” ဟု ၎င်းသတင်းအရင်းအမြစ်က ဆိုသည်။

ဧပြီ ၁ ရက်က အသက် ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ မဇာခြည်လှိုင်အလောင်းကို ဒေသခံ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဒုတိယရက်မြောက် ရှာဖွေနေစဉ် မွန်းလွဲပိုင်းအချိန်၌ ခွေးများက အနံ့ခံကာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး၏ပြောကြားချက်အရ သိရသည်။ ရှာဖွေတွေ့ရှိချိန်တွင် ရုပ်အလောင်းမှာ ဦးခေါင်းဒဏ်ရာအပြင် အခြားသော ခန္ဓာကိုယ်နေရာအချို့တွင် ညိုမဲဒဏ်ရာများ ရရှိထားပြီး၊ သစ်ရွက်များဖြင့် ဖုံးအုပ်ထားခြင်းခံရကာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အမြင် ဒါမှုခင်းဘဲ။ သူတို့သမီးရည်းစားနှစ်ယောက် ဆိုင်ကယ်နှစ်စီးနဲ့ လာပြီး တောင်ပေါ်ကို နှစ်ယောက်အတူတက်တယ်။ ကောင်လေးဘဲ ပြန်ဆင်းလာပြီး ကောင်မလေးမပါလာဘူး။ ကောင်လေးက မျက်နှာကို အုပ်ထားသေးတယ်။ တောင်ခြေ ဆိုင်ကယ်အပ်ခံတဲ့နေရာကလူက အတူတက်သွားတဲ့ သူရော ဆိုတော့ လက်အမူအရာနဲ့ တောင်ပေါ်ကို လက်ညိုးထိုးပြပြီး၊ သူ့ဆိုင်ကယ်ကို အမြန်ယူပြီး ထွက်သွား တယ်လို့ပြောတယ်။ ကောင်လေးကကျုံဒိုးဖက်က ကောင်မလေးကဘားအံတစ်ဖက်ကမ်း ဘားကပ်ရွာက ပါ။ ဟိန္ဒူဘာသာဝင်တွေပဲ။ ကောင်လေးကိုစုံစမ်းလို့ရပေမယ့် ရှောင်နေပြီ။ သူ့ဖုန်းတွေလည်း ပိတ်ထား တယ်”ဟု ဒေသတွင်း သတင်းအရင်းအမြစ်က ရှင်းပြသည်။

ယင်းစုံတွဲမှာ မတ်လ ၃၀ ရက် မွန်းလွဲပိုင်းအချိန်ဝန်းကျင်တွင် ဇွဲကပင်တောင်၏ အနောက်ဘက် တောင် တက်လမ်း တစ်ခုဖြစ်သော လုမ္ပနီဥယျာဉ်ဘက်အခြမ်းမှ တက်ရောက်ခဲ့ပြီးနောက် လူငယ်အမျိုးသား တစ်ဦးသာ ပြန်လည်ဆင်းလာခဲ့ပြီး ၊ သေဆုံးသူ အမျိုးသမီးငယ်မှာ ယင်းနေ့ ညမိုးချုပ်ချိန်အထိ ပြန်လည် ဆင်းသက်လာ ခြင်းမရှိဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်။

ထို့ကြောင့် မတ်လ ၃၁ ရက် နံနက်ပိုင်းတွင် ဒေသတွင်းရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ပထမနေ့အဖြစ် ကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သော်လည်း သဲလွန်စတစ်စုံတရာ ရှာဖွေတွေ့ရှိခြင်း မရှိ သဖြင့် ဧပြီ ၁ ရက် နံနက်ပိုင်းတွင် ဒုတိယနေ့အဖြစ် ဆက်လက်ရှာဖွေရာ အမျိုးသမီးငယ်၏ ရုပ် အလောင်း ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဇွဲကပင်တောင်တွင် ၂၀၂၀ ခုနှစ် ဇွန်လအတွင်းက ဘားအံတက္ကသိုလ်၌ ဂုဏ်ထူးတန်းပထမနှစ် တက် ရောက်နေသော မဇာခြည်မြင့်မြတ် ပြုတ်ကျသေဆုံးခဲ့သည့်အပြင် ထိုနှစ် ဇူလိုင်လအတွင်းကလည်း ဘားအံတက္ကသိုလ် ဘူမိဗေဒတတိယနှစ်ကျောင်းသား မောင်ခွန်မင်းမော်ကွန်း ခုန်ချသေဆုံးမှုဖြစ်စဉ် ဖြစ် ပွားခဲ့သည်။

ယင်းအပြင် နိုင်ငံခြားသားတစ်ဦးလည်း ၂၀၁၆ ခုနှစ်က အဆိုပါ တောင်ပေါ်မှ ခုန်ချခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့သေးသည်။

#Mizzima

#ကရင်ပြည်နယ်

#ဇွဲကပင်တောင်

#ထုံးအိုင်နယ်မြေရဲစခန်း

#တက္ကသိုလ်ကျောင်းသူ

#အလောင်းဖျောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly