စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာတွင် ဆူပူဆန္ဒပြမှုများ ပေါ်ပေါက်၍ လုံခြုံရေး တင်းကျပ်

စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာတွင် ဆူပူဆန္ဒပြမှုများ ပေါ်ပေါက်၍ လုံခြုံရေး တင်းကျပ်
Photo - AFP

ဧပြီ ၁

သီရိလင်္ကာနိုင်ငံတွင် ဆိုးရွားသော စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရမှုအပေါ် အမျက်ဒေါသထွက်မှုများ ကြီးထွားနေစဉ် ယမန်နေ့ညပိုင်းက ဆူပူဆန္ဒပြမှုများအတွင်း ရာနှင့်ချီသော ဆန္ဒပြသူများက သမ္မတ အိမ်တော်ကို စီးနင်းရန် ကြိုးပမ်းမှုဖြစ်ပေါ်ပြီးနောက် မြို့တော်တွင် လုံခြုံရေးထူထဲစွာ ချထားခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်အာရှ နိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ထိခိုက်မှု အရှိဆုံး စီးပွားရေးကျဆင်းမှုအတွင်း အခြေခံလိုအပ်သော ပစ္စည်းများ အကြီးအကျယ် ရှားပါးပြတ်လပ်မှု၊ ဈေးနှုန်းများ သိသိသာသာ မြင့်တက်မှုနှင့် အကြီးအကျယ် ထိခိုက်စေသော ဓာတ်အားပြတ်တောက်မှုများကို မြင်တွေ့နေရသည်။

ယင်းအခြေအနေက တင်ရှိထားသည့် ကြွေးမြီများ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုအထိ ဖြစ်စေမည်ကို အများအပြားက စိုးရိမ်ပူပန်လျက် ရှိသည်။

ကြာသပတေးနေ့ ညပိုင်း ဆူပူမှုအတွင်း မည်သူမည်ဝါ မသိရသော ဆိုရှယ်မီဒီယာ တက်ကြွလှုပ်ရှားသူများ၏ လှုံ့ဆော်မှုဖြင့် ရာနှင့်ချီသော ဆန္ဒပြသူများသည် သမ္မတ ဂေါ့တာဘာယာ ရာဂျာပက်ဆာ၏ အိမ်သို့ ချီတက်ပြီး ၎င်းရာထူးမှ နုတ်ထွက်ရေး တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူများသည် စစ်တပ် ဘတ်စ်ကားနှစ်စီး နှင့် ရဲကားတစ်စီးတို့ကို မီးရှို့ခဲ့သလို လုံခြုံရေးတပ်ဖွဲ့ဝင်များကို အုတ်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကာ ကိုလံဘိုမြို့ထဲ ဝင်သည့် အဓိကလမ်းမကြီးတစ်ခုကိုလည်း မီးလောင်နေသော တာယာကွင်းများဖြင့် တားဆီးပိတ်ဆို့ခဲ့ကြသည်။

လူတစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပြီး ရဲငါးဦးလည်း ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ လူ ၄၅ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက လူအုပ်ထဲသို့ ပစ်ခတ်မှုများ လုပ်ခဲ့သလို ဆန္ဒပြသူများကိုလူစုခွဲရန် မျက်ရည်ယိုဓာတ်ငွေ့နှင့် မီးသတ်ပိုက်တို့ သုံးခဲ့ကြောင်း သိရသည်။ လုံခြုံရေးတပ်ဖွဲ့ဘက်က ကျည်အစစ် သုံးခဲ့သလား သို့မဟုတ် ရာဘာကျည် သုံးခဲ့သလား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

သောကြာနေ့ မနက်အစောပိုင်းတွင် ညပိုင်း ကာဖျူးအမိန့်တစ်ရပ်ကို ပြန်ရုပ်ခဲ့သော်လည်း မြို့တော်ဝန်းကျင်တွင် ရဲနှင့် စစ်တပ်ကို တိုးမြှင့်တပ်ဖြန့်ထားပြီး သမ္မတ ရာဂျာပက်ဆာ၏ အိမ်သို့ သွားရာလမ်းတွင် မီးလောင်ထားသော ဘတ်စ်ကားတစ်စီး၏ အပျက်အစီးတစ်ခုက ပိတ်ဆို့နေဆဲဖြစ်ကြောင်း သိရသည်။

ဆန္ဒပြသူများသည် “အာရပ်နွေဦး” တော်လှန်ရေးကဲ့သို့မျိုး အခြေအနေတစ်ခုကို ဖန်တီးရန် ဆန္ဒရှိခဲ့ကြကြောင်း ရာဂျာပက်ဆာ၏ ရုံးက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly