KNCဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လကို မြစ်ကြီးနားမြို့ မြို့မရဲစခန်း၌ ထပ်မံအမှုဖွင့်စွဲချက်တင်

KNCဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လကို မြစ်ကြီးနားမြို့ မြို့မရဲစခန်း၌ ထပ်မံအမှုဖွင့်စွဲချက်တင်

မတ်လ ၃၁ ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၁)ရဲစခန်းတွင်  ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လကို ပုဒ်မ ၅၀၅ (က)ဖြင့် ထပ်မံ၍ အမှုဖွင့် စွဲချက်တင်ထားကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) က ယနေ့ မတ်လ ၃၁ရက်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ်လ ၂၃ရက်နေ့က နေပြည်တော် ဇမ္ဗူသီရိတရားရုံးက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က)ဖြင့်   ထောင်ဒဏ် နှစ်နှစ်ချမှတ်ထားသော  ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လသည် မြစ်ကြီးနားမြို့ရှိ မြို့မရဲစခန်း (အမှတ် (၁) ရဲစခန်း)၌ ပုဒ်မ ၅၀၅ (က)ဖြင့် ယမန်နှစ်ကတည်းက အမှုဖွင့်ထားသည့်အတွက် နေပြည်တော်မှ မြစ်ကြီးနားသို့ ပြန်လည်လာရောက်ကာ တရားရင်ဆိုင်ဖွယ်ရှိကြောင်း သိရသည်။

နေပြည်တော် ဇမ္ဗူသီရီတရားရုံးတွင် စွဲဆိုခံထားရသည့် အမှုအတွက် အမိန့်ချပြီးပြီဖြစ်သော်လည်း  မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းတွင် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၆ရက်နေ့က ထပ်မံအမှုဖွင့်ထားသည်ကို သိရှိရသဖြင့် ယခုလာမည့် ဧပြီလ သင်္ကြန်မတိုင်မီ အချိန်တွင် လာရောက်တရားရင်ဆိုင်ရန် ရှိကြောင်း KNC ပါတီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

ဒေါက်တာ အမ်ကောန်လသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ဆောင်ရွက်ချက်များအား ၄င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေ ဖန်ရေးသားလေ့ရှိပြီး၊ ကချင်ပြည်နယ်အတွင်းက တရုတ်ရင်းနှီးမြှုပ်နှံမှုများဖြစ်သည့်နန်ကျင်စီးပွားဖွံ့ဖြိုးရေးဇုန်အကြောင်းအပြင် တရုတ်ပိုးလမ်းမသစ်စီမံကိန်း One Belt One Road Initiative နှင့် ပတ်သက်ပြီးလည်း ဝေဖန်ရေးသားခဲ့ပြီးသည့်နောက် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ရက်နေ့တွင် နေပြည်တော်ရှိ ၎င်း၏ရုံးမှအပြန် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ယင်းအပြင် ဒေါက်တာအမ်ကောန်လ အနေဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (KPPF)ကို ဦးဆောင်တည်ထောင်ခဲ့ပြီး ကချင်ပြည်နယ်အတွင်းက နိုင်ငံရေး ၊ စီးပွားရေး ၊ သယံဇာတအရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားလေ့ရှိသူလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required