ပါကစ္စတန်နိုင်ငံသို့ မှောင်ခိုသွင်းနေသည့် စစ်လက်နက်ပစ္စည်း အမြောက်အမြားကို အာဖဂန်နစ္စတန်၏ တာလီဘန်စစ်တပ် Al-Badr တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက တွေ့ရှိ သိမ်းဆည်းခဲ့သည်။
“ပါကစ္စတန်နိုင်ငံထဲကို မှောင်ခိုသွင်းနေတဲ့ စစ်ဘက်ပစ္စည်း အမြောက်အမြားကို အယ်လ်ဘက်ဒ် တပ်ဖွဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့ စစ်ဘက်ပစ္စည်းတွေထဲမှာ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက် အမြောက်အမြား ပါဝင်ပါတယ်” ဟု RTA World က ဖော်ပြသည်။
ပါကစ္စတန်သည် အမေရိကန်ထုတ် စစ်လက်နက်ပစ္စည်းများကို ဝယ်ယူလျက်ရှိသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသလို ပါကစ္စတန် တာလီဘန်ဟု သိကြသော Tehrik-i-Taliban Pakistan (TTP) လက်ထဲ ရောက်သွားနိုင်မှုအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သတင်းဌာနက ဖော်ပြသည်။
အမေရိကန်တပ်ဖွဲ့များ အာဖဂန်နစ္စတန်ကနေ ထွက်ခွာသွားပြီးနောက် တာလီဘန်တို့ သိမ်းယူရရှိခဲ့သည့် အမေရိကန်စစ်လက်နက်များကို အာဖဂန် လက်နက်ကုန်သည်များက ဈေးဆိုင်များတွင် ရောင်းချလျက် ရှိသည်။
အဆိုပါ လက်နက်ကုန်သည်များသည် အစိုးရစစ်သားများနှင့် တာလီဘန်တို့ထံမှ သေနတ်နှင့် ခဲယမ်းများကို ငွေပေးဝယ်ကာ ပြန်လည်ရောင်းချနေခြင်း ဖြစ်ကြောင်း The New York Times က ဖော်ပြသည်။
ဆယ်စုနှစ် နှစ်စုကြာ စစ်ပွဲကနေတဆင့် အမေရိကန် အခွန်ထမ်းများကို ဒေါ်လာ ၈၃ ဘီလီယံကျော် ကုန်ကျထားစေခဲ့သည့် အမေရိကန်၏ လေ့ကျင့်သင်ကြားရေးနှင့် အကူအညီပေးမှု အစီအစဉ်တစ်ခု အောက်တွင်
အထက်ပါ လက်နက်ပစ္စည်းများကို မူလက အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းက ဖော်ပြသည်။