တရုတ်တွင် ပင်စင်လစာမပေးနိုင်သဖြင့် အငြိမ်းစားယူသည့်ကာလကို နောက်ရွှေ့ဆိုင်း

By NDTV
31 March 2022
တရုတ်တွင် ပင်စင်လစာမပေးနိုင်သဖြင့် အငြိမ်းစားယူသည့်ကာလကို နောက်ရွှေ့ဆိုင်း

တရုတ်နိုင်ငံတွင် ပြင်းထန်လွန်းသော တစ်အိမ်ထောင် ကလေး ၁ ဦးမူဝါဒကျင့်သုံးခဲ့သဖြင့် သက်ကြီးပိုင်း လူဦးရေများပြားလာပြီး ရေရှည်အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာမှုနှင့်အတူ လူမှုဖူလုံရေး ပင်စင်လစာများအတွက် နိုင်ငံတော်အသုံးစရိတ်များ များပြားလာသောကြောင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် အစိုးရဝန်ထမ်းများ၏ အငြိမ်းစားယူမည့်ကာလကို နောက်သို့ ရွှေ့ဆိုင်းထားကြောင်း Inside Over သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

သက်ကြီးပိုင်း လူမှုဖူလုံရေးပင်စင်ရန်ပုံငွေ မလုံလောက်မှုပြဿနာကို ဖြေရှင်းနိုင်ရန်အလို့ငှာ CCP သည် မတ် ၁ ရက်မှစတင်၍ နှောင့်နှေးသော အငြိမ်းစားယူမှုမူဝါဒကို စတင်အကောင်အထည်ဖော်ခဲ့ကြောင်း Inside Over က ဆိုသည်။

“တစ်ခုတည်းသော အကြောင်းရင်းက ခုချိန်မှာ ပိုက်ဆံမရှိတာပါ။ ဒေသအစိုးရတွေဟာ ထောက်ပံ့မှု လစ်ဟာနေပြီး အဲဒီဟာကွက်ကို မဖြည့်ဆည်းပေးနိုင်သေးပါဘူး” ဟု တရုတ်အရေးကျွမ်းကျင်သူ ဆစ်ဒနီနည်းပညာတက္ကသိုလ်မှ ပါမောက္ခ ဖန်ချောင်ဂီက Epoch Times နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

တရုတ်ဒစ်ဂျစ်တယ်ပလက်ဖောင်း Tencent.com ၏အဆိုအရ အဆိုပါမူဝါဒသည် ၂၀၁၃ခုနှစ်ကတည်းက ကျင့်သုံးခဲ့သော်လည်း အလုပ်သမားထုအကြားတွင် မကျေနပ်ချက်များကြောင့် နှောင့်နှေးခဲ့သည်။

CCP အတွက် နောက်ပြဿနာတစ်ရပ်မှာ မူဝါဒအသစ်ကြောင့် နှစ်စဉ် သန်းနှင့်ချီသော ဘွဲ့ရများကို အလုပ်နေရာမရဖြစ်စေသည်။ သက်ကြီးပိုင်းများက အငြိမ်းစားမယူကြသောကြောင့် လူငယ်များမှာ လုပ်စရာအလုပ်မရှိကြပေ။

“အငြိမ်းစားယူမှုနဲ့ သက်ကြီးပိုင်းနဲ့ဆိုင်တဲ့ လူမှုဖူလုံရေးအသုံးစရိတ်တွေဟာ ဗဟိုအစိုးရ ဘဏ္ဍာရေး အသုံးစရိတ်အပေါ် လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်လာတယ်ဆိုတာ ဒီဥပဒေက ပြသနေပါတယ်။ အငြိမ်းစား လစာဖိအားကိုလျှော့ချဖို့ ပင်စင်ယူတဲ့ကာလကို နောက်ဆုတ်လိုက်တာ” ဟု ထိုင်ဝမ်စီးပွားရေးပညာရှင် ဝူကျာလျောင်က ပြောကြားခဲ့သည်။

အငြိမ်းစားယူမည့်ကာလနောက်ဆုတ်ခြင်းသည် ဘဏ္ဍာရေးဆိုင်ရာ ဖိအားများကို ကိုင်တွယ်ဖြေရှင်းရန် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နောက်ဆုံးနည်းလမ်းဖြစ်ကြောင်းနှင့် ဘဏ္ဍာရေးဖိအားများကြောင့် အနာဂတ်တွင် ပြည်တွင်းမငြိမ်မသက်မှုများ ဖြစ်လာနိုင်သည်ဟုလည်း ဝူကျာလျောင်က သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly