ကျူ းကျော်အတွက်အဖြေရှာပါ

ကျူ းကျော်အတွက်အဖြေရှာပါ
ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစုရပ်ကွက်အနီး၊ စီမံကိန်းမြေနေရာ၌ ကျူးကျော်နေထိုင်သည့် အိမ် ၁၃၀ကျော်အား ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၃၀ရက် နံနက် ၄နာရီခွဲ အချိန်တွင် ရဲဝန်ထမ်းများ ၊ စည်ပင်ဝန်ထမ်းများ နှင့် အနီရောင်လက်ပတ်ဝတ်အရပ်သားများ စုစုပေါင်း တစ်ထောင်ကျော်ခန့်က ဝင်ရောက်ဖျက်ဆီနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)

ရန်ကုန်၊ ဇန်နဝါရီ ၂၅။          ။ဇန်နဝါရီလ ၂၃ရက်၊ နံနက် ၆နာရီခန့်၊ နေရောင်မသည်းမကွဲကျရောက်နေတဲ့အချိန်မှာပဲ ဒဂုံဆိပ်ကမ်း မြို့နယ် ထဲက ရတနာလမ်းမကြီးတစ်လျှောက် မြေသယ်ကား ၆စီးကျော်က လုပ်ငန်းခွင်သုံး ဦးထုပ် အပြာရောင်ဆောင်း ထားတဲ့ အလုပ်သမားတွေကို တင်ဆောင်လို့ သာကေတမြို့နယ်ဖက်မှ ယုဇနဥယျာဉ်မြို့တော်အဝင်လမ်း တစ်ခုဖြစ်တဲ့ ရွှေလီလမ်းထိပ်ကို အစုန်မောင်းနှင်လာခဲ့ပါတယ်။

မြေသယ်ကားပေါ်ကလူတွေကတော့ ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီက ဆောက်လုပ် ရေးဝန်ထမ်းတွေ ဖြစ်ပါတယ်။ သူတို့မရောက်ခင်မှာပဲ ရဲတပ်ဖွဲ့တွေ အင်အားရာကျော်က မြေသယ်ကာတွေ ဦးတည်လာတဲ့ နေရာကို ကြိုတင်ရောက်နှင့် နေတာလည်းဖြစ်ပါတယ်။

သူတို့အားလုံးကတော့ ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် ရွှေလီလမ်းနဲ့ ပုဏ္ဏမီလမ်းထောင့်ကစကာ ဧက ၁၃၀ အကျယ်အဝန်းရှိတဲ့မြေကွက်လပ်ထဲ ကျူးကျော်နေထိုင်သူလို့ ယူဆရသူတွေနေထိုင်တဲ့ အိမ်တွေကိုဖျက်သိမ်းဖို့ လာရောက်ကြတာဖြစ်ပါတယ်။

အဲဒီကျူးကျော်လိုယူဆထားတဲ့သူတွေကို ဖျက်သိမ်းရာမှာတော့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)က ဦးဆောင်ပြီး၊ ရဲတပ်ဖွဲ့၊ စည်ပင်၊ ရွှေတောင်ကုမ္ဂဏီ ဝန်ထမ်းတွေအပါအဝင် ဆက်စပ်တဲ့ ဌာနဆိုင်ရာ ဝန်ထမ်း အင်အား ၆၀၀ လောက်ကိုအသုံးပြုဖျက်သိမ်းခဲ့ပါတယ်။

အဲဒီလိုဖျက်သိမ်းနိုင်ဖို့အတွက်အသုံးပြုရမည့် အင်အားကိုချိန်စတဲ့အနေနဲ့  မဖျက်သိမ်းမီတစ်ရက်အလိုမှာ အဲဒီနေရာတွေကို ဧည့်စာရင်းဝင်စစ်ခဲ့တယ်လို့လည်း အဖျက်ခံရတဲ့မိသားစုတွေဆီကသိရပါတယ်။ အဲဒီလို လာစစ်ပြီးနောက်ရက်မှာပဲ အဲဒီထဲက ကျူးကျော်တွေလာရောက်ဖျက်သိမ်းခံခဲ့ရတာဖြစ်ပါတယ်။အခုဖျက်သိမ်းတာကတော့ ရန်ကုန်အတွင်း ပထမဆုံးအကြိမ်ဖျက်သိမ်းတာတော့မဟုတ်ပါဘူး။ အလားတူ အခြားမြို့နယ်တွေမှာလည်း ဖျက်သိမ်းခဲ့မှုတွေကရှိခဲ့ပြီးသားပါ။

ဖျက်သိမ်းခံခဲ့ရတဲ့ အိမ်ခြေ ၇၀ကျော်လောက်က  သူတို့အဲဒီနေရာမှာ ၁၉၉၉ခုနှစ်ကစပြီး ရန်ကုန်မြို့ပတ်လည် မိုင်၃၀အတွင်း စိမ်းလမ်းစိုပြေရေးလယ်ယာစိုက်ပျိုးရန်ဟုဆိုကာ လယ်သမား ၁၅ဦးနှင့် အခြား ၁၃ဦးတို့ကို လက်ငုတ်လက်ရင်းအဖြစ် ထိုစဉ်ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ချထားပေးခဲ့တဲ့ မြေလိုလည်း ဖျက်သိမ်းခံရတဲ့သူတွေကဆိုကြပါတယ်။

ဖျက်သိမ်းမှုနဲ့ ပက်သကလို့ ရန်ကုန်တိုင်းမြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က "အဲဒီနေရာက စီမံကိန်းတွေရှိပြီးသား တန်ဖိုးနည်း၊ တန်းဖိုးလတ်တိုက်ခန်းတွေအကောင်အထည်ဖော်ဖို့ အိမ်ရာစီမံကိန်းတွေပါ။ စီမံကိန်းတွေအကောင်အထည်ဖော်နိုင်ဖို့ ကျူးကျော်နေတဲ့သူတွေကို ဖျက်ရတာပါ။" ဟု ဆိုပါတယ်။

အဲဒီလိုကျူးကျော်တွေကိုဖျက်သိမ်းပေမယ့်လည်း အစိုးရတွေအနေနဲ့ စားဝတ်နေရေးပြဿနာကြောင့်ရရာ နေရာမှာ နေထိုင်နေရတဲ့ ကျူးကျော်လို့ယူဆရသူတွေရဲ့ ပြဿနာကို ရေရှည်ရေတိုဖြေရှင်းပေးတာတွေက လုံးဝမရှိပါဘူး။

တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းလွှတ်တော်ကိုယ်စားလှယ်က ဦးအေးသိန်းကတော့ ရန်ကုန်တိုင်း ထဲမှာ ၂၀၁၄ ခုနှစ် အတွင်းခန့်မှန်းစာရင်းတွေအရ ကျူးကျော်ပေါင်း ၁သိန်းကျော်ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

အခုအချိန်မှာတော့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ကျူးကျော်အရေအတွက်က အဲဒီတစ်သိန်းနဲ့အထက်မှာ သာရှိနေနိုင်တယ်လို့လည်းဆိုပါတယ်။လှိုင်သာယာမြို့နယ်တစ်ခုတည်းမှာတင် ကျူးကျော်နေထိုင်နေသည့် မိသားစုဝင် ၄သောင်းခန့်ရှိနေတယ် လိုလည်း သက်ဆိုင်ရာတိုင်းလွှတ်တော်အမတ်တွေက ခန့်မှန်းပြောဆို ကြပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာရှိနေတယ် ကျူးကျော်နေထိုင်တဲ့သူတွေအရေအတွက်ကို သက်ဆိုင်ရာတိုင်းအစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့က တိတိကျကျစာရင်းပြုစုထားခြင်းမရှိလို့ အရေအတွက်အတိအကျကိုမသိရှိ နိုင်သေးဘူးလို့ ရန်ကုန်တက္ကသိုလ် မြို့ပြအင်ဂျင်နီယာဌာန ဌာနမှူး ဒေါက်တာဉာဏ်မြင့်ကျော်က မဇ္ဈိမကို ပြောပါတယ်။

"အဓိကကျူးကျော်အချက်အလက်ကိုအတိအကျနီးပါးရဖို့ပဲ၊ အဲဒီလိုမှနောက်ထပ်လုပ်စားတဲ့သူတွေထပ် မတိုးနိုင်အောင်ထိန်းနိုင်မယ်။ နောက်ပြီးဖျက်မယ်ဆိုရင်လည်းသူတို့ကိုအဆင်ပြေတဲ့နေရာမှာ ယာယီသဘော နေထိုင်နိုင်အောင် စီစဉ်ပေးသင့်တယ်။ အဲဒီလိုယာယီရွှေ့နေထိုင်ခိုင်းတဲ့အချိန်မှာပဲ ရေရှည်အိမ်ရာ ပိုင်ဆိုင်နိုင်ဖို့ လက်လှမ်းမီတဲ့ဖြေရှင်းမှုတွေကိုဆောင်ရွက်ပေးဖို့လိုတယ်။" ဟု၎င်းကဆိုပါတယ်။

အချက်အလက်ကောက်ယူရာမှာလည်း အစိုးရ၏ အုပ်ချုပ်ရေးဝန်ထမ်းများထက် အရပ်ဖက်အဖွဲ့များနဲ့သာ နှစ်ဦးနှစ်ဖက်ယုံကြည်မှုရှိရေးဦးစားပေးကာ ကောက်ယူသင့်တယ်လို့ သူကအကြံပြုပါတယ်။

"ကျွန်တော်တို့တွေက မြို့နယ်တိုင်းလိုလိုမှာကျူးကျော်တာတွေရှိတယ်။ အဲဒါတွေကိုယေဘူယျစာရင်းတွေကို ကောက်ထားပေမယ့်အတိအကျတော့ပြောလို့မရဘူး။ မြို့နယ်ထဲက ရပ်ကွက်တိုင်းလိုလိုမှာကျူးတဲ့သူတွေက ရှိနေတယ်။" လို့ ဒဂုံဆိပ်ကမ်းမြို့နယ် စည်ပင်သာရေးကော်မတီ ဥက္ကဌ ဦးသက်ဇော်ဝင်းက ဆိုပါတယ်။

အစိုးရအနေနဲ့ ၎င်းတို့စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေနေရာတွေအပေါ်မှာ ကျူးကျော်နေထိုင်တဲ့သူတွေကို ဥပဒေအရ ဟုဆိုကာ ဖျက်သိမ်းခွင့်ရှိပေမယ့် ပြည်သူများ၏ လူမှုဘဝမြှင့်တင်ရေးကိုလည်း ရေရှည်လုပ်ငန်းတစ်ဖွယ် ဦးစားပေး လုပ်ကိုင်ဖို့လိုတယ်လို့လည်း တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းလွှတ်တော်ကိုယ်စားလှယ်က ဦးအေးသိန်းက ဆိုပြန်ပါတယ်။

အဲဒီအတွက် အစိုးရတွေက ကျူးကျော်သူတွေကိုနင်မထုတ်ခင် အမှန်တစ်ကယ်နေထိုင်ရန် အခက်အခဲရှိနေသူ တွေကို စားရင်းပြုစုစိစစ်မှုများပြုလုပ်ပြီး အကျိုးမျှော်ကိုးကျူးကျော်မှုတွေမရှိအောင်လည်း ပြုလုပ်ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။

ကျူးကျော်ပြဿနာကို ရေရှည်အနေနဲ့ ဖြေရှင်းနိုင်ဖို့အတွက် မြို့ပြအင်ဂျင်နီယာဌာနမှူးက "သူတို့ဘာလို့ ရောက်လာပြီးတွေ့ရာမှာနေရလဲဆိုရင် သူတို့ထွက်လာတဲ့နေရာမှာ အလုပ်အကိုင်မဖန်တီးပေးနိုင်ဘူး။ အဲဒီလို ကိစ္စကိုသက်ဆိုင်ရာဒေသအစိုးရတွေအချင်းချင်းက ဂရုပြုပြီးဖြေရှင်းပေးနိုင်ရမယ်။ အစိုးရက အလုပ်အကိုင် အပြင်သူတို့နေထိုင်နိုင်ဖို့နေရာတွေကို သက်ဆိုင်တဲ့ ကုမ္ပဏီတွေနဲ့ ပူေးပါင်းပြီးလုပ်ပေးဖို့စဉ်းစားရမယ်။ ပူးပေါင်းတဲ့ကုမ္ပဏီတွေအတွက်လည်း အစိုးရကအခွန်လျှော့သင့်သလောက် လျော့ပြီးပေါင်းလုပ်နိုင်မယ် လို့ထင်တယ်" ဟု အကြံပြုပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာတော့ အိမ်ရာဖော်ဆောင်ရေးဟုဆိုကာ တန်ဖိုး သိန်း ၆၀၀ရှိတဲ့ အိမ်ခန်းပေါင်း သောင်းကျော်တဲ့ အိမ်ရာတွေကို ပြည်ထောင်စုအစိုးရအစီအစဉ်နဲ့ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်နေပါတယ်။ ရန်ကုန်စည်ပင်ကလည်း တန်းဖိုးနည်း၊ တန်ဖိုးသင့်တင့်ဟုဆိုကာ ရန်ကုန်မြို့ပြင် လှိုင်သာယာ၊ ရွှေပြည်သာလိုနေရာတွေမှာ အိမ်ခန်း တစ်ထောင်ကျော်ရှိတဲ့ အိမ်ရာတွေကို အကောင်အထည်ဖော်နေပါတယ်။

မြန်မာနိုင်ငံက ကမ္ဘာ့အဆင်းအရဲဆုံးနိုင်ငံစာရင်းထဲမှာပါနေသလို ဆင်းရဲမွဲတေမှုရာခိုင်နှုန်းကလည်း ဦးသိန်းစိန်းအစိုးရမတိုင်မီကပင် ၂၆ရာခိုင်နှုန်းရှိနေတာပါ။ ဦးသိန်းစိန်အစိုးရကတော့ အဲဒီ ၂၆ရာခိုင်နှုန်းကနေ ၁၆ရာခိုင်နှုန်းအထိလျော့ချမယ်လို့ ပြောထားပေမယ့် အမှန်တစ်ကယ်ဖြစ်မလာခဲ့တာကိုလည်း အင်အားစု အားလုံးက ဝေဖန်နေကြပါတယ်။

ကျူးကျော်နေထိုင်မှုတွေက လူတစ်ဦးချင်းစီရဲ့ဆင်းရဲမွဲတေမှုတွေနဲ့လည်း သက်ဆိုင်နေတယ်လို့ စီးပွားရေး ပညာရှင်တွေကလည်း သုံးသပ်ထားကြပါတယ်။

မြန်မာနိုင်ငံရဲ့စီးပွားရေးက ကိန်းဂဏန်းတွေအရတွက်ချက်ပါက နှစ်စဉ် တစ်ရာခိုင်နှုန်းကျော်တိုးတက်မှု ရှိနေတယ်လို့ နိုင်ငံတကာစီးပွားရေးအဖွဲ့တွေ၊ အပြည်ပြည်ဆိုင်ရာငွေးကြေးရံပုံငွေကဲ့သို့အဖွဲ့တွေက သုံးသပ် ထုတ်ပြန်ပေးမယ့်လည်း အောက်ခြေကအခြေခံလူတန်းစာတွေအနေနဲ့တော့ တစ်စတစ်စတိုးမြှင့်လာတဲ့ ကုန်ဈေးနှုန်းကြောင့်များစွာလည်းအခက်အခဲတွေနဲ့ ရင်ဆိုင်နေရာစဲလို့လည်း ဆိုကြပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ဆက်နွယ်နေတဲ့ ကျူးကျော်နေထိုင်တဲ့သူတွေ ပြဿနာအတွက် သမ္မတဦးသိန်းစိန်လက်ထက်မှာ ထိရောက်တဲ့ဖြေရှင်းမှုတွေကို လုံးဝမလုပ်နိုင်ခဲ့ပေမယ့်လည်း ၂၀၁၆ခုနှစ် မတ်လမှာပေါ်ပေါက်လာမယ့် အစိုးရသစ်က ဘယ်လိုကိုင်တွယ် မလဲဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ဖို့လိုအပ်ပါဦးမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags