ဇန်နဝါရီ ၂၅၊ ရန်ကုန် ။ ။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၃) ပွဲစဉ်များကို ဇန်နဝါရီ ၂၃ နှင့် ၂၄ ရက်များက ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲစဉ်များအပြီး တွင် အမှတ်ပေးဇယားကို ရတနာပုံအသင်းက ဦးဆောင်နိုင်ခဲ့သည်။
ရတနာပုံအသင်းမှာ ပွဲစဉ်(၃)တွင် တန်းတက် ဟော်ရဇွန်အသင်းကို ၅-၁ ဂိုးဖြင့်ဂိုးပြတ်အနိုင်ရခဲ့ပြီး ရမှတ် ၇မှတ်၊ ဂိုးကွာခြားချက်အသာဖြင့် ဟံသာဝတီ၊ ဇေယျာရွှေမြေတို့ကို ကျော်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခြင်းဖြစ်သည်။
ပွဲစဉ်(၂)အပြီးတွင် ရန်ကုန်၊ ဧရာဝတီအသင်းများကို အနိုင်ကစားထားပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သော မကွေးအသင်းမှာမူ ပွဲစဉ်(၃)တွင် ချင်းယူနိုက်တက်ကို မထင်မှတ်ပဲ ၂-၁ဖြင့်ရှုံးခဲ့သောကြောင့် အမှတ်ပေးဇယား အဆင့် ၅နေရာအထိဆင်းပေးခဲ့ရသည်။
ဟံသာဝတီအသင်းက ပွဲအစ ၃ပွဲတွင် ရှမ်းယူနိုက်တက်၊ ရန်ကုန်၊ ဧရာဝတီစသည့်အသင်းကြီးများနှင့်ထိပ်တိုက် ရင်ဆိုင်ခဲ့ရသော်လည်း ရှမ်းကို ဂိုးမရှိသရေ၊ ရန်ကုန်ကို ၂-၁၊ ဧရာဝတီကို ၄-၁ဂိုးများဖြင့် အနိုင်ကစားနိုင်ခဲ့ပြီး ရမှတ် ၇မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၂နေရာတွင်ရပ်တည်နေသည်။
ဇေယျာရွှေမြေအသင်းကလည်း အဖွင့် ၃ပွဲတွင် ၇မှတ်ရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၃တွင်ရပ်တည်နေသည်။ ယခုနှစ်တွင် ချန်ပီယံဖြစ်ရန် ရေပန်းစားနေသော ရှမ်းယူနိုက်တက်အသင်းမှာ ပွဲစဉ်(၃)တွင် ရန်ကုန်ကို အိမ်ကွင်း၌ သရေသာကစားနိုင်ခဲ့ပြီး ရမှတ် ၅မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၆နေရာရောက်နေသည်။
၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရန်ကုန်ယူနိုက်တက်နှင့် ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ချန်ပီယံ ဧရာဝတီတို့မှာမူ ပွဲစဉ်(၃) ပွဲစဉ်များအပြီအထိ နိုင်ပွဲပျောက်ဆုံးနေဆဲဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၃) ရလဒ်များ
ရှမ်းယူနိုက်တက် ၁ - ၁ ရန်ကုန်ယူနိုက်တက်
ရတနာပုံ ၅ - ၁ ဟော်ရဇွန်
ဆောက်သမ်း ၀ - ၂ ဇေယျာရွှေမြေ
ဧရာဝတီ ၁ - ၄ ဟံသာဝတီ
ရခိုင် ၁ - ၂ ဇွဲကပင်
ချင်း ၂ - ၁ မကွေး