မာတီဆက်ကာ အထုတ်ခံရရန် ကော်စတာဟန်ဆောင်ခဲ့ဟု ဝင်းဂါးစွပ်စွဲ

မာတီဆက်ကာ အထုတ်ခံရရန် ကော်စတာဟန်ဆောင်ခဲ့ဟု ဝင်းဂါးစွပ်စွဲ

ဇန်နဝါရီ ၂၅၊ လန်ဒန် ။           ။ ချယ်လ်ဆီးကို ၁ - ၀ ဂိုးဖြင့်ရှုံးခဲ့သောပွဲတွင် အာဆင်နယ်အသင်းခေါင်းဆောင် မာတီဆက်ကာ အထုတ်ခံရရန် ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာ ဟန်ဆောင်ခဲ့သည်ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက စွပ်စွဲပြောကြားခဲ့သည်။

အဆိုပါပွဲစဉ် ပွဲချိန် ၁၈မိနစ်တွင် ကော်စတာလွတ်လွတ်ကျွတ်ကျွတ်ဘောလုံးဆွဲပြေးစဉ် နောက်ဆုံးနောက်ခံလူအနေအထားတွင် ရှိနေသည့် မာတီဆက်ကာက ဖျက်ထုတ်ခဲ့ရာ ကွင်းလယ်ဒိုင်မှ တိုက်ရိုက် အနီကတ်ပြထုတ်ပယ်ခံရခြင်းဖြစ်သည်။

“မာတီဆက်ကာအထုတ်ခံရဖို့ ကော်စတာဟန်ဆောင်ခဲ့တယ်။ ဒါကို မှားတယ်လို့ခင်ဗျားတို့ပြောရဲလား။ ပထမပွဲတုန်းကလည်း ဂါဘရီရယ် အထုတ်ခံရအောင်သူလုပ်ခဲ့တယ်။ အခုလည်း မာတီဆက်ကာ အထုတ်ခံရအောင် လုပ်ပြန်ပြီ။ ကော်စတာ လူကျွံနေသလား၊ မာတီဆက်ကာ သူ့ကိုထိလားမထိဘူးလားဆိုတာ ကျွန်တော် ပြန်ကြည့်ရဦးမယ်။ သူက ပွဲနှစ်ပွဲမှာ အာဆင်နယ် ကစားသမားနှစ်ယောက် အထုတ်ခံရအောင် လုပ်နိုင်ခဲ့တယ်။ တကယ့်ကို တော်လွန်းပါတယ်။”ဟု အာစင်ဝင်းဂါးက ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

အာဆင်နယ်အသင်းမှာ ပထမအကျော့ စတန်းဖို့ဒ်ဘရစ်ချ်တွင် ချယ်လ်ဆီးနှင့်ရင်ဆိုင်ခဲ့စဉ်ကလည်း ဂါဘရီရယ်နှင့် ကာဇိုလာတို့အထုတ်ခံခဲ့ရသည်။ အာဆင်နယ်အသင်းသည် ချယ်လ်ဆီးနှင့်တွေ့ဆုံခဲ့သည့် ပရီးမီးယားလိဂ်နောက်ဆုံး ငါးပွဲတွင် ကစားသမား လေးဦးအထိအထုတ်ခံထားရသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly