အိန္ဒိယတွင် လေဆိပ်အသစ် ၈၀ ထပ်မံတည်ဆောက်ပြီး ၂၀၂၅ ခုနှစ်မတိုင်မီ ၂၂၀ အထိ ရှိလာရန် ရည်မှန်း

အိန္ဒိယတွင် လေဆိပ်အသစ် ၈၀ ထပ်မံတည်ဆောက်ပြီး ၂၀၂၅ ခုနှစ်မတိုင်မီ ၂၂၀ အထိ ရှိလာရန် ရည်မှန်း

အိန္ဒိယအစိုးရက ၂၀၂၅ ခုနှစ်မတိုင်မီ နို်ငငံတွင်းလက်ရှိ လေဆိပ်အရေအတွက် ၁၄၀ မှ ၂၂၀ အထိ တည်ဆောက်သွားရန် ရည်မှန်းထားကြောင်း လေကြောင်း ပို့ဆောင်ရေးဝန်ကြီး ဂျာရိုတီရာဒီတရာ စကင်ဒီရာက မတ် ၂၃ ရက်တွင် ပြောကြားလိုက်သည်။

ဝန်ကြီးဌာနအတွက် ဘတ်ဂျက်တောင်းခံမှုအား အောက်လွှတ်တော်၌ ဆွေးနွေးရာတွင် စကင်ဒီရာက ပြီးခဲ့သည့် ၇ ရက်အတွင်း နေ့စဉ် ခရီးသည်အရေအတွက် ၃၈၂၀၀၀ လေယာဉ်စီးခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၃ ဆတိုးကာ ကုဋေ ၄၀ နီးပါးအထိ ရောက်ရှိရည်မှန်းထားသည်။

ကမ္ဘာ့ပေါ်တွင် လေကြောင်း လုပ်ငန်းများ အခက်အခဲရှိနေသော်လည်း အိန္ဒိယတွင် လေကြောင်းလိုင်းသစ် ၂ ခုအဖြစ် Jet နှင့် Akasa တို့ကို မကြာမီ ပြေးဆွဲသွားမည်ဖြစ်သည်။

အိန္ဒိယတွင် ၂၀၁၄ ခုနှစ်အထိ လေဆိပ် ၇၄ ခုသာရှိခဲ့ပြီး ပြီးခဲ့သည့် ၇ နှစ်အတွင်း လေဆိပ်သစ် ၆၆ ခုကို ထပ်မံ တည်ဆောက်နိုင်ခဲ့ကြောင်း စကင်ဒီရာက လွှတ်တော်သို့ ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ ၇ နှစ်အတွင်းမှာ လေဆိပ်အရေအတွက် ၂ ဆနီးပါးများပြားလာပါတယ်။ ၂၀၂၅ ခုနှစ်မှာ ၂၂၀ အထိ တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားသည်။

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (DGCA) ၏ ကိန်းဂဏန်းများအရ ၂၀၂၁ ခုနှစ်အတွင်းက ပြည်တွင်း လေယာဉ်စီးသူ ၈ ဒသမ၃၈ ကုဋေရှိခဲ့ကာ ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် အသွားအလာ ကန့်သတ်မှုများ ချမှတ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ၆ ဒသမ ၃ ကုဋေထက် များပြားလာခဲ့သည်။

၂၀၁၃-၂၀၁၄ ခုနှစ်တွင် ခရီးသည် ၆ ဒသမ ၇၀ကုဋေရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၁၄ ဒသမ ၅၀ ကုဋေရှိခဲ့သည်။ လေယာဉ်အရေအတွက်သည်လည်း ၂၀၁၃-၂၀၁၄ ခုနှစ်တွင် အစင်း ၄၀၀ ရှိရာမှ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၇၁၀ သို့ ရောက်ရှိလာခဲ့သည်။

အစိုးရအနေဖြင့် ပြည်တွင်း ကုန်သေတ္တာအတင်အချ နေရာသစ် ၃၃ ခု ထပ်မံတည်ဆောက်ခြင်း၊ လေယာဉ်မှူးများအတွက် သင်တန်းကျောင်းသစ် ၁၅ ကျောင်း ထူထောင်ခြင်း၊ အလုပ်အကိုင်များ ပိုမိုဖန်တီးခြင်းနှင့် ဒရုန်းကဏ္ဍတွင် ပိုမိုတိုးတက်အောင် လုပ်ဆောင်သွားရန် ရည်မှန်းထားကြောင်းလည်း စကင်ဒီရာက ပြောကြားသည်။

လေယာဉ်မှူးလိုင်စင်ထုတ်ပေးသည့် လုပ်ငန်းစဉ်ကို ခေတ်မီနည်းပညာများအသုံးပြုကာ ပိုမိုလွယ်ကူအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အိန္ဒိယတွင် လေယာဉ်မှူးစုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကာ ကမ္ဘာ့နိုင်ငံများတွင် ပျမ်းမျှအားဖြင့် ၅ ရာခိုင်နှုန်းသာရှိကြောင်းလည်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly