ရွေးကောက်ပွဲ ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်မှုအတွက် ပါကစ္စတန်ဝန်ကြီးချုပ် ဒဏ်တပ်ခံရ

ရွေးကောက်ပွဲ ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်မှုအတွက် ပါကစ္စတန်ဝန်ကြီးချုပ် ဒဏ်တပ်ခံရ

ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်ပြီး အများပြည်သူ စည်းဝေးပွဲတစ်ခု၌ မိန့်ခွန်းပြောဆိုခဲ့မှုအတွက် ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်းနှင့် အခြားလူပုဂ္ဂိုလ် ၅ ဦးတို့ကို ရွေးကောက်ပွဲကော်မရှင် (ECP) က ဒဏ်ငွေ ရူပီး ၅၀,၀၀၀ စီ အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲ ကော်မရှင်ထံမှ သတိပေးမှုများ ရှိခဲ့လင့်ကစား မတ်လ ၁၆ ရက်က ဆွက် တောင်ကြားဒေသ‌ အများပြည်သူ စုဝေးပွဲတစ်ခု၌ ဝန်ကြီးချုပ် ခန်းနှင့် ဖက်ဒရယ်၊ ပြည်နယ် ဝန်ကြီးအချို့တို့ ပါဝင်ဟောပြောမှုများ လုပ်ခဲ့ပြီးနောက် ဆွက်ခရိုင်ဒေသဆိုင်ရာ စောင့်ကြည့်ရေးအရာရှိက အဆိုပါ ပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ECP ၏ ပြောရေးဆိုခွင့်ရှိသူ ဟာရွန်း ရှင်ဝါရီက ပြောသည်။

ဝန်ကြီးချုပ် ခန်းနှင့်အတူ ဒဏ်ငွေ ချမှတ်ခံရသူများမှာ နိုင်ငံခြားရေးဝန်ကြီး ရှား မာမွတ်ဒ် ကူရီရှီး၊ ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ် ဝန်ကြီးချုပ် မာမွတ်ဒ် ခန်း၊ ဖက်ဒရယ်ဆယ်သွယ်ရေးဝန်ကြီး မူရက်ဒ် ဆေအိဒ် နှင့် ယင်းနယ်မြေ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သလို ပြည်နယ်ဝန်ကြီးများဖြစ်သည့် ဒေါက်တာ အမ်ဂျက်ဒ်နှင့် မိုဟီဘူလာဟ်တို့ ဖြစ်သည်။

လူထုစည်းဝေးပွဲတွင် မိန့်ခွန်းပြောဆိုမှု မလုပ်ရန် ECP က သတိပေးခဲ့လင့်ကစား ဝန်ကြီးချုပ် ခန်းသည် လိုက်နာခြင်းမရှိဘဲ ဟောပြောမှု လုပ်ခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန် အစိုးရသည် ၂၀၁၇ ရွေးကောက်ပွဲ အက်ဥပဒေကို ပြင်ဆင်ရင်း ပြီးခဲ့သည့်လက အငြင်းပွားဖွယ် သမ္မတရုံး စည်းမျဉ်း ဥပဒေတစ်ရပ် ထုတ်ပြန်ပြီး အစိုးရ အရာရှိများနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များ မဲဆွယ်စည်းရုံးမှု လုပ်ဆောင်ခြင်း၊ မဲဆန္ဒနယ်သို့ သွားရောက်ခြင်းအပေါ် တားမြစ်ချက်ကို ဖယ်ရှားခဲ့သည်။

အစိုးရသည် ECP ၏ နို့တစ်စာကို နိုင်ငံတော်တရားရုံးချုပ်ထံတွင် တင်ပြပြီး ကန့်ကွက်ထားSသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly