စစ်ပွဲကြောင့် ယူကရိန်း ကလေးငယ် ထက်ဝက်ကျော် နေအိမ်စွန့် ရွှေ့ပြောင်းရ 

စစ်ပွဲကြောင့် ယူကရိန်း ကလေးငယ် ထက်ဝက်ကျော် နေအိမ်စွန့် ရွှေ့ပြောင်းရ 
Photo - AFP

မတ် ၂၄

ဖေဖော်ဝါရီ ၂၄ ရက်မှစကာ ရုရှက တင်းပြည့် ကျူးကျော်စစ် ဆင်နွှဲချိန်ကစပြီး ယူကရိန်းနိုင်ငံက ကလေးငယ်များ၏ ထက်ဝက်ကျော်သည် နေအိမ်များမှ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရကြောင်း ကုလသမဂ္ဂက ကြာသပတေးနေ့တွင် ပြောသည်။ 

“ယူကရိန်းမှာ စစ်ဖြစ်တာ တစ်လအတွင်းမှာပဲ နေရပ်ရွှေ့ပြောင်းရတဲ့ ကလေးငယ်ပေါင်း ၄ ဒသမ ၃ သန်းရှိတယ်၊ ဒါဟာ နိုင်ငံရဲ့ ကလေးဦးရေ ၇ ဒသမ ၅ သန်းခန့်ရဲ့ ထက်ဝက်ကျော်ပဲ ဖြစ်တယ်”ဟု ကုလသမဂ္ဂက ကလေးငယ်များ အေဂျင်စီဖြစ်သည့် ယူနီဆက်ဖ်က ပြောသည်။ 

ထိုသို့ နေအိမ်စွန့် ရွှေ့ပြောင်းရသည့် ကလေးငယ်ဦးရေသည် စစ်ပွဲစတင်ချိန်မှစပြီး အိုးအိမ်စွန့် ထွက်ပြေးကြသည့် ပြည်သူ ၁၀ သန်းကျော်၏ ထက်ဝက်နီးပါးလည်း ရှိနေခြင်း ဖြစ်သည်။ 

ကလေးငယ် ၁ ဒသမ ၈ သန်းသည် ဒုက္ခသည်အဖြစ် နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ရပြီး ကျန် ၂ ဒသမ ၅ သန်းနီးပါးမှာ စစ်ပွဲဒဏ်သင့် ပြည်တွင်းမှာပင် နေရပ်စွန့် ရွှေ့ပြောင်းရခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂက ပြောသည်။ 

“အခု စစ်ပွဲဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကလေးငယ်တွေ ဘေးလွတ်ရာ ရွှေ့ပြောင်းရမှုနှုန်းထား အမြန်ဆုံးနဲ့ ကြီးထွားတဲ့ နှုန်းထားပဲ ဖြစ်တယ်”ဟု ယူနီဆက်ဖ် အကြီးအကဲ ကက်သရင်း ရာဆယ်လ်က ပြောသည်။ 

“ဒါဟာ မျိုးဆက်တွေအတွက် နောက်ဆက်တွဲ ရင်ဆိုင်ရမယ့် စိတ်မချမ်းမြေ့ဖွယ်ရာ သမိုင်းမှတ်တိုင်တစ်ရပ်ပါပဲ”ဟု သူမက သတိပေးသည်။ 

“ကလေးငယ်တွေရဲ့ ဘေးကင်းလုံခြုံရေး၊ ကောင်းကောင်းမွန်မွန် နေရရေးနဲ့ မရှိမဖြစ် ဝန်ဆောင်မှုတွေ ရရှိရေးတို့ဟာ မနားတမ်း ကြောက်မက်ဖွယ် တိုက်ခိုက်မှုအောက်မှာ ခြိမ်းခြောက်ခံနေရတယ်”ဟု သူက ဆိုသည်။ 

ရုရှတင့်ကားများ နယ်စပ်ဖြတ်ကျော်လာကာ ယူကရိန်းအရပ်သား ထောင်ပေါင်းများစွာ သေဆုံးရသည့် ပဋိပက္ခစစ်ပွဲ ဖြစ်ပွားလာသည့် တစ်လအကြာတွင် ၎င်းက မှတ်ချက်ပြု ပြောဆိုခြင်းလည်း ဖြစ်သည်။ 

ပဋိပက္ခအတွင်း ကလေးငယ် ၈၁ ဦး သေဆုံးကာ ၁၀၈ ဦး ဒဏ်ရာရသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက အတည်ပြုသော်လည်း အမှန်နှုန်းထားသည် ယခုထက်မက ပိုမို မြင့်မားနိုင်ကြောင်း ဝန်ခံထားသည်။ 

ပဋိပက္ခစစ်ပွဲက အရပ်သား အခြေခံ အဆောက်အအုံများနှင့် အခြေခံ ဝန်ဆောင်မှုများ ရရှိခြင်းများအပေါ် အကြီးအကျယ် ဖျက်ဆီးလျက် ရှိသည်ဟု ကုလသမဂ္ဂက ဝေဖန်ရှုတ်ချထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly