သီရိလင်္ကာတွင် လောင်စာဆီ ပြတ်လပ်မှုကြောင့် ဆန္ဒပြပွဲများ ဖြစ်ပေါ်၍ ဆီဆိုင်များတွင် စစ်တပ်ကို တပ်ဖြန့်ချထား

သီရိလင်္ကာတွင် လောင်စာဆီ ပြတ်လပ်မှုကြောင့် ဆန္ဒပြပွဲများ ဖြစ်ပေါ်၍ ဆီဆိုင်များတွင် စစ်တပ်ကို တပ်ဖြန့်ချထား
Photo - AFP

မတ် ၂၂

သီရိလင်္ကာနိုင်ငံတွင် လောင်စာဆီ ရှားပါးပြတ်လပ်ခြင်းကြောင့် နေ့စဉ်ယာဉ်မောင်း ထောင်ပေါင်းများစွာက စီတန်းစောင့်ဆိုင်းကြရခြင်းများကြားတွင် ပြတ်တောင်းပြတ်တောင်း ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်သဖြင့် စစ်တပ်ကို ဆီဆိုင်များတွင် ကင်းချထားရန် အင်္ဂါနေ့က အမိန့်ထုတ်လိုက်သည်။ 

တောင်အာရှ သီရိလင်္ကာနိုင်ငံအနေဖြင့် ၁၉၄၈ တွင် လွတ်လပ်ရေးရပြီးချိန်ကနောက်ပိုင်း အဆိုးဝါးဆုံး စီးပွားရေးကျဆင်းမှုဒဏ် ခံစားနေရပြီး လျှပ်စစ်မီးများ ပြတ်တောက်ခြင်းနှင့် အစားအစာနှင့် ဟင်းချက်ရာတွင် သုံးသော ဓာတ်ငွေ့ကဲ့သို့ မရှိမဖြစ် ကုန်များ ရှားပါးပြတ်လပ်ခြင်းကိုပါ ခါးစည်းခံနေရသည်။ 

တနင်္လာနေ့က ရေနံဆီ ဝယ်ယူမရခြင်းကြောင့် စိတ်ဆိုးဒေါသထွက်ကြသော လူအုပ်သည် ကိုလံဘိုရှိ ယာဉ်သွားယာဉ်လာ များသော လမ်းမတစ်ခုကို ပိတ်ဆို့လိုက်၍ နာရီအတန်ကြာ ယာဉ်သွားယာဉ်လာ ပိတ်ဆို့မှု ဖြစ်ခဲ့ပြီးနောက် စစ်သားများ တပ်ဖြန့်ချထားကြောင်း အာဏာပိုင်များက ပြောလာခြင်းပဲ ဖြစ်သည်။ 

“တန်းစီစောင့်ဆိုင်းရတဲ့ လူတန်းက ရှည်လာတော့ ဒေါသထွက်လာကြတော့တာပဲ ဖြစ်တယ်”ဟု ထိပ်တန်းကာကွယ်ရေး တာဝန်ရှိသူတစ်ဦးက အမည်မဖော်ဘဲ အေအက်ဖ်ပီသို့ ပြောသည်။ 

“ရဲတွေကို အင်အားဖြည့်ဖို့ စစ်သားတွေကို ဆင့်ခေါ်တဲ့ ဆုံးဖြတ်ချက်ကို မနေ့ညက ချလိုက်တာပါ၊ မတည်ငြိမ်မှုတွေကို ဟန့်တားဖို့ပါပဲ”ဟု ၎င်းက ဆိုသည်။ 

ချက်ပြုတ်ရာတွင် လိုအပ်သော ရေနံဆီ ရှားပါးပြတ်လပ်မှုကို ကန့်ကွက်ဆန္ဒပြကြသည့် စိတ်ဆိုးဒေါသထွက်နေကြသော အမျိုးသမီးတစ်စု ကမ္ဘာလှည့်ခရီးသည်များ လိုက်ပါလာသော အဝေးပြေးဇိမ်ခံကားတစ်စီးကို ပိတ်ဆို့ထားကြသည့် တနင်္လာနေ့က ဗီဒီယိုဖိုင်တစ်ခုလည်း လူမှုမီဒီယာတွင် ပြန့်နှံ့ခဲ့သည်။ 

မြို့တော်အပြင်ဘက်တွင် လောင်စာဆီ ရရန် လူတန်းရှည်စွာ တန်းစီကြရာ၌ နေရာလုရင်း အငြင်းပွားရာမှ ဆိုင်ကယ်သမားတစ်ဦးကို အခြား ယာဉ်မောင်းတစ်ဦးက ဓားဖြင့် ထိုးသတ်မှု ဖြစ်ခဲ့ပြီးနောက် ယခု စစ်သားများ ဖြန့်ကြက်ရန် အမိန့်ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ 

စနေနေ့က စတင်၍ ဆီရရန် တန်းစီကြရခြင်းများတွင် သက်ကြီးရွယ်အို သုံးဦးအထိ သေဆုံးခဲ့ကြောင်း ရဲက ပြောပြီး ဆီဆိုင်တော်တော်များများတွင် ဒီဇယ်နှင့် ဓာတ်ဆီ ဝယ်ယူရန်အတွက် ညကတည်းကပင် လူအများ စောင့်ဆိုင်းနေကြရသည်ကို မြင်တွေ့ရကြောင်း ဖြည့်စွက်ပြောသည်။ 

နိုင်ငံပိုင် Ceylon Petroleum Corp ကုမ္ပဏီ၏ ဆီဆိုင်များတွင် စစ်သားများကို ဖြန့်ကြက်ကင်းချထားကြောင်း စစ်တပ်တာဝန်ရှိသူများက ပြောသည်။ ယင်းကုမ္ပဏီသည် လူဦးရေ ၂၂ သန်းရှိရာ သီရိလင်္ကာနိုင်ငံ၌ လောင်စာဆီ လက်ကားဖြန့်ဖြူးမှု သုံးပုံနှစ်ပုံကို ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။ 

စီးပွားရေးအကျပ်အတည်းကို ဆွေးနွေးရန် နိုင်ငံရေးပါတီအာလုံးနှင့် ထိပ်သီးအစည်းအဝေးကို သမ္မတ ရာဂျာပတ်ဆာရုံးက ကြေညာသော်လည်း အတိုက်အခံအုပ်စုများက အဆိုပါ အစည်းအဝေးကို သပိတ်မှောက်ရန် စီစဉ်ထားကြောင်း ပြောကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly