တရုတ်နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယသို့ လာရောက်လည်ပတ်ရန်ရှိ

တရုတ်နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယသို့ လာရောက်လည်ပတ်ရန်ရှိ

တရုတ်နို်ငငံခြားရေးဝန်ကြီး ဝမ်ယိသည် ယခုလအတွင်း တောင်အာရှဒေသခရီးစဉ်တွင် အိန္ဒိယသို့ ဝင်ရောက်ဖွယ်ရှိသည်။

အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုမထားသော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်အနေဖြင့် မတ် ၂၆ ရက်၌ နီပေါသို့ မသွားရောက်မီ အိန္ဒိယသို့ ဝင်ရောက်ရန် ကမ်းလှမ်းထားသည်။ ဝမ်၏ ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြုချက်မရသေးကြောင်း မီဒီယာသတင်းများ၏ မေးမြန်းမှုအပေါ် သတင်းရင်းမြစ်များက ပြောကြားသည်။

နိုင်ငံအရှေ့ပိုင်း လာဒက်ဒေသတွင် တရုတ်က အိန္ဒိယ၏ မြေပြင်ကို အနည်းငယ်မျှပင် နောက်ဆုတ်ပေးလိုသည့် သဘောထား မတွေ့ရသောကြောင့် နှစ်ဘက်တပ်ဖွဲ့များ ဖယ်ရှားရန် ဆွေးနွေးမှု မပြီးပြတ်နိုင်သေးချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ၁၅ ကြိမ်မြောက် နှစ်နိုင်ငံ တပ်မှူးအဆင့် ဆွေးနွေးအပြီး ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် နယ်စပ်ထိန်းချုပ်မျဉ်း (LAC) ပြဿနာအား ဖြေရှင်းနိုင်မှသာ ငြိမ်းချမ်းတည်ငြိမ်မှု ရှိစေမည့်အပြင် နှစ်နိုင်ငံဆက်ဆံရေးကိုလည်း တိုးတက်စေနိုင်မည်ဟု ဖော်ပြထားသည်။

နယ်စပ်များတွင် တည်ငြိမ်အေးချမ်းမှု မရှိသေးသရွေ့ တရုတ်နှင့် စီးပွားရေး ပုံမှန်ပြန်လည် လုပ်ကိုင်နိုင်ဦးမည် မဟုတ်သလို လက်ရှိ LAC ပြဿနာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်လိမ့်မည်ဟုလည်း အိန္ဒိယက ထပ်ကာတလဲလဲ ပြောကြားထားသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာနှင့် ဝမ်ယိတို့သည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ရုရှားနိုင်ငံ မော်စကို မြို့၌ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း(SCO) အစည်းအဝေး၏ သီးခြားအစီအစဉ်တွင် တွေ့ဆုံခဲ့ကြကာ လာဒက်နယ်စပ်ပြဿနာကို ဖြေရှင်းရန် သဘောတူညီချက် ၅ ချက်ကို ရရှိခဲ့ကြသည်။

ယင်းသဘောတူညီချက်တွင် တပ်ဖွဲ့များ အလျင်အမြန် ရုပ်သိမ်းရေး၊ တင်းမာမှုကို ဖြစ်စေသည့် လုပ်ရပ်များကို ရှောင်ရှားခြင်း၊ နယ်စပ်စီမံခန့်ခွဲမှုဆိုင်ရာ သဘောတူညီချက်များနှင့် စည်းကမ်းများအားလုံးကို လိုက်နာရေးနှင့် LAC တစ်လျှောက်တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းရန် လုပ်ဆောင်ခြင်းတို့ ပါဝင်သည်။

၎င်းတို့ နှစ်ဦးသည် ယမန်နှစ် ဇူလိုင်လအတွင်းကလည်း တာဂျစ်ကစ္စတန်နိုင်ငံ၊ ဒူရှန်ဘီမြို့၌ ပြုလု်ပခဲ့သည့် SCO ၏ သီးခြားအစည်းအဝေးတွင် တွေ့ဆုံခဲ့ကြသလို အဆိုပါ မြို့တွင် စက်တင်ဘာလအတွင်းကလည်း ထပ်မံ တွေ့ဆုံခဲ့ကြသည်။

ဝမ်ယိအနေဖြင့် အိန္ဒိယသို့ လာရောက်ခဲ့ပါက ယူကရိန်းအရေးကိစ္စအတွက်လည်း တွေ့ဆုံ ဆွေးနွေးနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly