ပုလဲမြို့နယ် ကိုင်းတွင်းရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် အင်မထီးရွာတွင် ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွား

ပုလဲမြို့နယ် ကိုင်းတွင်းရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် အင်မထီးရွာတွင် ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွား

မတ်လ ၂၀ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကိုင်းတွင်းရွာကို စစ်ကောင်စီတပ်က မတ်လ၁၈ရက် နေ့တွင်မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ရွာရှိကျွဲ၊နွား၊နှင့် အခြားပစ္စည်းများအား ၎င်းတို့တပ်စွဲထားသောအင်မထီးရွာသို့ သယ်ဆောင်သွားသည်ဟု သိရသည်။

စစ်ကောင်စီမှ အင်မထီးကျေးရွာတွင် ပျူစောထီးသင်တန်းများပေးလျှက်ရှိပြီး စစ်ကောင်စီတပ်သား၂၀နှင့်ပျူစောထီး အင်အား ၆၀ခန့်ရှိသည်ဟု သိရသည်။

"ကိုင်းတွင်းရွာကို အင်အား၄၀လောက်နဲ့ဝင်ရှို့တယ်၊ ရွာထဲမှာရှိတဲ့ ကျွဲ၊နွား၊ဆန်၊ဆီ၊ဆား၊ငရုတ်၊ကြက်သွန်၊အဝတ်အထည်တွေရော စပါးတွေက အစ ကားနဲ့တင်ပြီးအင်မထီးရွာကိုသယ်သွားတာ"ဟု ပြည်သူ့တော်လှန်ရေးတပ်မတော် PRA အဖွဲ့ခေါင်းဆောင် ဗိုလ်ဂျပန်က ပြောသည်။

ကိုင်းတွင်းကျေးရွာတွင် အိမ်ခြေ ၁၅၀ခန့်ရှိပြီး စစ်ကောင်စီမှ ဝင်ရောက်မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေအားလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံ ၅၀၀ခန့်လည်း တိမ်းရှောင်နေရကြောင်း သိရသည်။

"ကိုင်းတွင်းကိုမီးရှို့ပြီး ပစ္စည်းတွေကားတွေပေါ်တင်နေတာကိုသတင်းရလို့ အမီသွားတာ၊မမီတော့ဘဲ အင်မထီးထဲ ပြန်ဝင်သွားလို့ နောက်ကနေလိုက်သွားပြီး လက်နက်ကြီးတွေနဲ့ပစ်တယ်၊လက်နက်ငယ်တွေနဲ့ပစ်တယ် ခွေး(စစ်သား) လေးကောင်သေပြီး၊ပျူ၁၄ကောင်သေတယ်လို့သတင်းပြန်ရတယ်၊ကျွန်တော်တို့လည်း ရွာထဲက အိမ်တော်တော်များများကို မီးပြန်ရှို့ခဲ့တယ်"ဟု ဗိုလ်ဂျပန်က ပြောသည်။

အင်မထီးရွာ တိုက်ပွဲတွင် ငါးနာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကာ ပျူစောထီး ၁၄ ယောက်သေဆုံးခဲ့ကြောင်း သိရသည်။

"ကိုင်းတွင်းက အခုကဒုတိယအကြိမ်ရှို့ခံရတာ၊ဖေဖော်ဝါရီ၄ရက်နေ့က ပထမအကြိမ်ရှို့ခံရတယ် ရွာလုံးကျွတ်နီးပါးပဲ၊အခုကကျန်တဲ့အိမ်တွေကိုလာရှို့ရင်းနဲ့ဆိုင်ကယ်၁၀စီးနဲ့ပစ္စည်းတော်တော် များများယူသွားတယ်၊အဲ့ဒါကို ဒေသခံကာကွယ်ရေးတပ်တွေက မကျေနပ်လို့(ပ.က.ဖ)လမ်းညွှန်မှုနဲ့ဗျူဟာချပြီး အင်မထီးရွာကိုသွားပြန်တိုက်ခိုက်တာပါ"ဟု ပုလဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကပြောသည်။

ယင်းလုပ်ဆောင်မှုကို  ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)တပ်ခွဲ(၁/၂/၆/၇/၂၃/၂၈/၃၀) ၊ကျားသစ်နက်တပ်ဖွဲ့၊ PPDG၊MVRF၊ဒေါင်းနက်နယ်စည်းမခြားတပ်ဖွဲ့၊ ဖီးနက်ပြောက်ကျားတပ်တို့ မှပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့မှ ခုနစ်ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီမှ ပုလဲမြို့နယ်အတွင်း၂၀၂၂ ခုနှစ်အတွင်း ကျေးရွာပေါင်း ၁၀ရွာကိုမီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၁၀၀၀ ကျော်နှင့် လူဦးရေ ၁၀၀၀၀ ကျော်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ စစ်ဘေးရှောင်နေရသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required