၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအတွက်  ဧရာဝတီတိုင်း၌ အိမ်ထောင်စု စာရင်းများ ကောက်ခံ

၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအတွက်  ဧရာဝတီတိုင်း၌ အိမ်ထောင်စု စာရင်းများ ကောက်ခံ

မတ်လ ၁၉ ရက်

၂၀၂၃ ခုနှစ် သြဂုတ်လတွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အတွက်ဟု ဆိုကာ ဧရာဝတီတိုင်း အတွင်းရှိ မြို့ ၊ ရွာ များတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက အိမ်ထောင်စု စာရင်းများ လိုက်လံ ကောက်ခံနေကြောင်း ဒေသခံများထံက သိရသည်။ 

သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးရုံးရှိ ရပ်ကျေး စာရေးများက အဆိုပါ အုပ်ချုပ်ရေးမှူးများကို  အိမ်ထောင်စု စာရင်းများ ကောက်ခံရန် စေခိုင်းသဖြင့် ကောက်ခံနေခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

ထိုသို့ ကောက်ခံရာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများက အိမ်ထောင်စု စာရင်း မရှိသူများနှင့် ပျောက်ပျက်သွားသူများကို  အသစ် လုပ်ပေးမည်ဟု ပြောကြောင်း  ဒေသခံက ပြောပြသည်။ ထို့အပြင်  ၁၈ နှစ် ပြည့်ပြီးသူများကို ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မှတ်ပုံတင် လုပ်ပေးမည်ဟုလည်း ပြောဆိုသည်ဟု ဆိုသည်။

"ထွေအုပ် ၊ ရပ်ကျေး စာရေးတွေက ရွာတွေကို ဆင်းပြီး အုပ်ချုပ်ရေးမှူးတွေကို ရွေးကောက်ပွဲ အတွက် လိုအပ်တာတွေ လုပ်ဖို့ ခိုင်းနေတာပါ။ အုပ်ချုပ်ရေးမှူးတွေ ကလည်း  စစ်တပ်က ခန့်ထားတဲ့ လူတွေ ဆိုတော့ သူတို့ပြောတဲ့ အတိုင်း ရွာထဲမှာ မှတ်ပုံတင်နဲ့ သန်းကောင်စာရင်း ပြန်လုပ်ပေးဖို့ လိုက်ပြောနေတယ် " ဟု ဒေသခံက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်အားလုံး၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) က အနိုင်ရရှိခဲ့သည်။  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အရပ်သား အစိုးရထံမှ အကြမ်းဖက် စစ်အုပ်စုက မတရား အာဏာသိမ်းယူကာ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ၊ NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများနှင့် NLD ပါတီဝင်များအား ဖမ်းဆီး အကျဥ်းချကာ  ရွေးကောက်ပွဲ  ပြန်လည် ကျင်းပရန် စီစဥ်နေခြင်း ဖြစ်သည်။

၎င်းအပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) အား မှတ်ပုံတင် ပယ်ဖျက်ပြီး ပါတီ ခေါင်းဆောင်များကို နိုင်ငံတော် သစ္စာဖောက်အဖြစ် အရေးယူရန် ဆောင်ရွက်နေပြီဟု စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးက မေလ ၂၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံပွဲတွင် ပြောခဲ့သည်။ 

မဲစာရင်း မှားယွင်းသည်ဟု အကြောင်းပြကာ မတရား အာဏာ သိမ်းယူခဲ့သည့် အကြမ်းဖက် စစ်တပ်ကို မြန်မာနိုင်ငံတစ်ဝန်းရှိ  ပြည်သူများက ဆန့်ကျင် ကန့်ကွက်  ခဲ့ကြပြီး လက်ရှိ  အချိန်အထိ ဆန့်ကျင် တော်လှန်နေဆဲ ဖြစ်သည်။

"မဲစာရင်း  မှားတယ် ဆိုရအောင် NLD ပါတီက မဲနိုင်တာ တစ်နိုင်ငံလုံး နီးပါးမှာ ရှိတဲ့ မြို့တိုင်း ၊ မြို့နယ်တိုင်းမှာ မဲနိုင်တာလေ။ တစ်နိုင်ငံလုံးနီးပါး မဲစာရင်း မမှားနိုင်သလို မှားလဲ မမှားပါဘူး။ နောက်တစ်ခုက မဲစာရင်းရလဒ်က စစ်တပ်နဲ့ ဘာဆိုင်လို့လဲဗျာ။ စစ်တပ်က အာဏာသိမ်းတာကို လမ်းပေါ်ထွက်ပြီး ဆန္ဒပြတဲ့ တစ်နိုင်ငံလုံးက ပြည်သူတွေကိုပဲ  ကြည့်ပါ။ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုတွေ  ရှက်တတ်ရင်  လဲသေလို့  ရတယ်"  ဟု နိုင်ငံရေး  တက်ကြွလှုပ်ရှားသူ တစ်ဦးက သုံးသပ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required