မတ် ၁၆
ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအနက် အမျိုးသားငါးဦးကို စစ်ကောင်စီက အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း အကျဉ်းထောင်ဝန်ထမ်း တစ်ဦးထံက သိရသည်။
ပုသိမ်အကျဉ်းထောင်တွင် ဆယ်လဝန်းကျင် ဖမ်းဆီးခံထားရသည့် ရေကြည်မြို့နယ်မှ ကိုဇာနည်မင်းစိုးနှင့် ကိုအောင်ကိုဝင်း၊ ကျုံပျော်မြို့နယ်မှ CDM ကျောင်းဆရာ ကိုဟိန်းမင်းခိုင်နှင့် ကိုစိုးသက်ပိုင်၊ ကျောင်းကုန်းမြို့နယ်မှ ကိုရဲဝင်းနိုင်တို့အား အမှုပိတ်သိမ်းကာ တရားသေပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ထောင်ဝန်ထမ်းက ဆိုသည်။
"မတ်လ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ အမှုပိတ်သိမ်းပြီးပြန်လွှတ် ပေးနေတာ ငါးယောက်ရှိပြီ။ အကုန်လုံးကို ၅၀၅(က)နဲ့တရားစွဲထားပြီး၊စစ်ကောင်စီက ဖြေလျှော့လို့ ပြန်လွှတ်ပေးလိုက်တာပါ။နောက်ထပ် လွှတ်ပေးဖို့တွေရှိသေးတယ်လို့လည်းကြားတယ်"ဟုအကျဥ်းထောင်ဝန်ထမ်းကပြောသည်။
မအူပင်အကျဉ်းထောင်တွင်လည်း တစ်နှစ်နီးပါး ဖမ်းဆီးခံထားရသည့် CDM ဆရာဝန် ဒေါက်တာ နိုင်ထူးအပါအဝင် နိုင်ငံရေးအကျဥ်းသား လေးဦးကို စစ်ကောင်စီက အမှုပိတ်သိမ်းကာ မတ်လ ၁၄ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သေးကြောင်း အကျဉ်းထောင်ဝန်ထမ်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ပုသိမ်အကျဉ်းထောင်၌ ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်ခန့် ရှိနေသည်ဟုသိရပြီး ထောင်တွင်းတရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့သူ ၄၆ ဦးရှိကြောင်း ပုသိမ်အကျဉ်းထောင်ဝန်ထမ်း၏ အဆိုအရ သိရသည်။