အိန္ဒိယနှင့် တရုတ်တို့ စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သော်လည်း ပြဿနာပြေလည်စေမည့် မျှော်လင့်ချက်နည်းပါး

အိန္ဒိယနှင့် တရုတ်တို့ စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သော်လည်း ပြဿနာပြေလည်စေမည့် မျှော်လင့်ချက်နည်းပါး

အရှေ့လာဒက်ခ်ဒေသတွင် ၂ နှစ် နီးပါး ကြာမြင့်ပြီဖြစ်သည့် နယ်စပ်ပြဿနာကို ဖြေရှင်းရန် အိန္ဒိယနှင့် တရုတ်တို့၏ တပ်မှူးအဆင့် ၁၅ ကြိမ်မြောက်ဆွေးနွေးပွဲမှ ရလာဒ်ကောင်းများ ရရှိရန် မျှော်လင့်ချက် နည်းပါးလျက်ရှိသည်။

ဂယ်ဝမ်တောင်ကြားနှင့် ပန်ဂွန်တီဆို ကန်အကြားတွင် ၂၀၂၀ ခုနှစ်၊ မေလအတွင်းက နယ်နမိတ်သတ်မှတ်ချက်ကို တရုတ်စစ်တပ်က တစ်ဖက်သတ် ပြင်ဆင်ရန် ကြိုးပမ်းခဲ့ပြီးနောက် ၁၅၉၇ ကီလိုမီတာရှည်သော နယ်စပ်ထိန်းချုပ်မျဉ်း (LAC) တစ်လျှောက်တွင် စစ်ရေးတင်းမာမှုများ မြင့်တက်ခဲ့သည်။

ပြဿနာပြေလည်စေနိုင်မည့် အလားအလာနည်းပါးနေသော်လည်း တင်းမာမှု ဖြစ်ပွားသည့်နယ်မြေတွင် နှစ်ဘက်စစ်တပ်များ အပြည့်အဝတပ်စွဲထားဆဲ ဖြစ်သောကြောင့် တစ်စုံတစ်ရာ ဖြစ်ပွားလာပါက ဖြေရှင်းနိုင်ရန် စစ်ဘက်ဆိုင်ရာ ဆွေးနွေးရေး လမ်းကြောင်းကို ဆက်လက်ထားရှိသည်။ LAC ၏ နှစ်ဘက်စလုံးတွင် ၂၀၂၀ ပြည့်နှစ် မေလမှစတင်၍ တပ်ဖွဲ့ဝင် ၅၀၀၀၀ ထက်မနည်းရှိကာ သံချပ်ကာကားများ၊ အမြှောက်များနှင့် ရော့ကတ်တပ်ဖွဲ့များကို ချထားဆဲ ဖြစ်သည်။

ရုရှားက ယူကရိန်းကို ဗုံးကြဲတိုက်ခိုက်ပြီး နယ်မြေများကို သိမ်းပိုက်လာသည့်အခါ တရုတ်အစိုးရက အိန္ဒိယနှင့် ဆွေးနွေးမှုကို လုပ်ဆောင်ရန် ပိုမိုအကြောင်းပြချက်ရှိလာခဲ့သည်။ နှစ်ဘက်စစ်တပ်အကြား ပြဿနာများကို ပြေလည်စေရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ရှည်လျားသည့် ကြေညာချက်များကို ထုတ်ပြန်ခဲ့သော်လည်း တရုတ်စစ်တပ်က LAC တစ်လျှောက်တွင် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုးချဲ့လာသည့်အပြင် အိန္ဒိယစစ်တပ်ကိုလည်း ခြိမ်းခြောက်မှု လုပ်ဆောင်လာခဲ့သည်။

တိဗက်နှင့် ရှင်ကျန်းဒေသကို ပိုမိုချုပ်ကိုင်နိုင်ရန် တရုတ်ခေါင်းဆောင်များက လာဒက်ဒေသမြောက်ပိုင်းသို့ လမ်းသစ်များ ထပ်မံဖောက်လုပ်ကာ ပါကစ္စတန်နှင့်စင်္ကြံလမ်း စီမံကိန်းကို တိုးချဲ့ခြင်းလည်း ပါဝင်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly