ပိတ်ဆို့အရေးယူမှုများကို ရုရှားက ကျော်လွှားနိုင်အောင် ကူညီပါက တရုတ်ကို ပြင်းထန်စွာ အရေးယူမည်ဟု အမေရိကန် သတိပေး

ပိတ်ဆို့အရေးယူမှုများကို ရုရှားက ကျော်လွှားနိုင်အောင် ကူညီပါက တရုတ်ကို ပြင်းထန်စွာ အရေးယူမည်ဟု အမေရိကန် သတိပေး

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ရုရှားက ကျော်လွှားနိုင်အောင် ကူညီမည်ဆိုပါက တရုတ်နိုင်ငံ အပေါ် ပြင်းထန်သော အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်က တရုတ်ကို ဆက်သွယ် ပြောကြားထားကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး (NSA) ဂျိတ်ဆူလီဗင်က မတ်လ ၁၃ရက်တွင် ပြောကြားလိုက်သည်။

ဆူလီဗင်က အဆိုအရ ယူကရိန်းကို ကျူးကျော်မည့် အစီအစဉ်ကို တရုတ်က ကြိုသိထားကြောင်း အမေရိကန်က ယုံကြည်နေခြင်းကို Sputnik က ဖော်ပြခဲ့သည်။

"ရုရှားကို ပုံစံမျိုးစုံနဲ့ ထောက်ပံ့မှု၊ ပစ္စည်းထောက်ပံ့မှု ဒါမှမဟုတ် စီးပွားရေး အထောက်အပံ့တွေ ဘယ်အတိုင်း အတာအထိ ပေးအပ်နေတယ်ဆိုတာကို ကျွန်တော်တို့က စိုးရိမ်ပူပန်ပြီး အနီးကပ် စောင့်ကြည့် နေပါတယ်။ ပြီးတော့ ရုရှားရဲ့ ဆုံးရှုံးမှုအတွက် ရုရှားကို လျော်ကြေးပေးဖို့ ဘယ်နိုင်ငံကိုမှ ကျွန်တော်တို့က ဘေးက ရပ်ကြည့်ပြီး ခွင့်ပြုပေးမှာ မဟုတ်ဘူးဆိုတာကို တရုတ်ကို အကြောင်းကြားထားပါတယ်” ဆူလီဗန်က CNN သတင်းဌာနကို ပြောကြားခဲ့ကြောင်း ရုရှားသတင်းဌာနက ဖော်ပြခဲ့သည်။

ဒိုးနတ်ခ်နှင့် လူဟန့်ခ်ပြည်သူများက နိုင်ငံတောင်းဆိုပြီး မိမိတို့ကိုယ်ကို ကာကွယ်ရန် အကူအညီ တောင်းခံပြီး နောက် ရုရှားက ယူကရိန်းတွင် အထူးစစ်ဆင်ရေးတစ်ရပ်ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ခဲ့သည်။

အဆိုပါ အထူးစစ်ဆင်ရေးသည် ယူကရိန်းစစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကိုသာ ပစ်မှတ်ထားပြီး အရပ်သားများအတွက် အန္တရာယ်မရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

သို့သော် အနောက်နိုင်ငံများက ရုရှားတို့၏ ယင်းပြောကြားချက်များကို ငြင်းဆိုထားပြီး တုံ့ပြန်သည့် အနေဖြင့် အနောက်နိုင်ငံများက ရုရှားကို ကျယ်ကျယ်ပြန့်ပြန့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည်။

ယူကရိန်းတွင် ရုရှား၏ စစ်ဆင်ရေးကို ပံ့ပိုးပေးသည့်အတွက် ဘီလာရုစ်အပေါ်လည်း ပိတ်ဆို့အရေးယူမှုများ စတင်လုပ်ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly