မူဆယ်မြို့၌ အမျိုးသမီး ၁ ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခံရ

မူဆယ်မြို့၌ အမျိုးသမီး ၁ ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခံရ

မတ် ၁၅

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ လေယာဉ်ကွင်းတွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးကို ၎င်း၏ သူငယ်ချင်း အမျိုးသားတစ်စုက ကားဝယ်မည်ဟု ဆိုကာ ဖုန်းဆက် ချိန်းတွေ့ပြီး အဓမ္မ ပြုကျင့်ကာ သတ်ပစ် လိုက်ကြောင်း အသတ်ခံရသူ၏ မိသားစုဝင်ထံက သိရသည်။

အသတ်ခံရသည့် အမျိုးသမီးမှာ အသက် ၂၁ နှစ် အရွယ် ဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၁၂ ရက် ည ၈ နာရီ ဝန်းကျင်တွင် အဓမ္မ ပြုကျင့် သတ်ခံရခြင်း ဖြစ်သည်။

“တူမလေးက သူ့ကား ရောင်းမလို့ သူ့ သူငယ်ချင်း နှစ်ယောက်က ကားကြည့်မယ် ဆိုပြီး မင်္ဂလာ မူဆယ်ရဲ့ ဆန်၊ စပါး ကုန်စည်အဆောင် ရှေ့နားမှာ ချိန်းကြတယ်။ ချိန်းတဲ့ နေရာမှာ တူမလေးက ရောက်လာတာနဲ့ တစ်ခါတည်း သူတို့ ဖမ်းဆီးသွားကြတယ်” ဟု မိသားစုဝင် က ပြောသည်။

ကျူးလွန်သူ အမျိုးသား လေးဦးကို မတ်လ ၁၃ ရက် နေ့လယ် ၃ နာရီ ဝန်းကျင်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အမှုဖွင့်ထားကြောင်း သိရသည်။

“ထွက်ဆိုချက်အရ သူတို့ ဝိုင်းပြီး မုဒိမ်းကျင့်တဲ့ အချိန်မှာပဲ တူမလေးက သေသွားတယ်။ သုံးယောက်မြောက်ပြီး လေးယောက်မြောက်က မကျင့် ရသေးဘူး။ ကလေးက သေသွားတယ် ပြောတယ်” ဟု ၎င်းမိသားစုဝင်က ဆက်ပြောသည်။

အဓမ္မ ပြုကျင့် သတ်ခံရသည့် အမျိုးသမီး၏ အလောင်းကို ခရစ္စယာန် သင်္ချိုင်းကုန်း၌ ပြန်တွေ့ပြီးနောက် အတွင်းခံ မဝတ်ထားတော့သည့် အပြင် မျက်နှာရောင်ကာ မိန်းမကိုယ်အင်္ဂါလည်း ပျက်စီး နေသည်ကို တွေ့ရှိ ခဲ့ရသည်ဟု ဆိုသည်။

#Mizzima

#မူဆယ်မြို့

#အမျိုးသမီး

#မုဒိန်းကျင့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly