ယူကရိန်းကိစ္စကြောင့် ဗြိတိန်နှင့် ပါကစ္စတန် ဆက်ဆံရေး ကျဆင်း

ယူကရိန်းကိစ္စကြောင့် ဗြိတိန်နှင့် ပါကစ္စတန် ဆက်ဆံရေး ကျဆင်း

ယူကရိန်းနိုင်ငံတွင် စစ်ရေး အရှိန်မြှင့်တက်နေစဉ် ပါကစ္စတန်နှင့် ဗြိတိန်အကြား သံတမန် ဆက်ဆံရေးသည် ကျဆင်းလျက်ရှိသည်။ ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်းက ရုရှားနိုင်ငံသို့ ခရီးသွားရောက်ခဲ့မှုနှင့် မကြာ သေးမီက အနောက်နိုင်ငံများအပေါ် ပြစ်တင်ဝေဖန်သည့် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့မှုတို့ ဖြစ်ပေါ်ခဲ့ပြီးနောက် ပါကစ္စတန်နှင့် ဗြိတိန်အကြား အရေးကြီး ခရီးစဉ်နှစ်ခုကို ဖျက်သိမ်းခဲ့သည်။

ရုရှားတို့ ယူကရိန်းအပေါ် ကျူးကျော်စစ် စတင်ဆင်နွှဲသည့်နေ့တွင် ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်းက ရုရှားသို့ သွားရောက်ပြီး သမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံခဲ့ပြီးနောက်တွင် ဗြိတိန်အစိုးရက အရေးကြီးသော ခရီးစဉ်နှစ်ခုကို ဖျက်သိမ်းခဲ့သည်အထိ နှစ်ဘက်အကြား သံတမန်ဆက်ဆံရေး အေးစက်လျော့ပါးသွားခဲ့သည်ဟု သတင်းရင်းမြစ်များကို ကိုးကားပြီး The News International က ဖော်ပြသည်။

ရုရှားအပေါ် တင်းမာသည့် ရပ်တည်ချက်သဘောထား ပြသရန် တွန်းအားပေးခြင်းဖြင့် အနောက်အုပ်စု သံတမန်များဘက်က ပါကစ္စတန်နိုင်ငံသားများကို အခိုင်းအစေများသဖွယ် ဆက်ဆံနေသည်ဟု

ပါကစ္စတန်ဝန်ကြီးချုပ်က မကြာသေးခင်က မိန့်ခွန်းတစ်ရပ်တွင် ပြောဆိုခဲ့ပြီးနောက် ဗြိတိန်နှင့် ပါကစ္စတန်အကြား ဆက်ဆံရေးအပေါ် ထိခိုက်မှုဖြစ်စေခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ဗြိတိန်သည် နိုင်ငံတကာဖွံ့ဖြိုးရေးဌာန (DfID) မှတဆင့် ပါကစ္စတန်အတွက် အကြီးဆုံးအလှူရှင်များအနက် တစ်ဦးဖြစ်ခဲ့သည် ဖြစ်ရာ ယခုကဲ့သို့ ပါကစ္စတန်ဝန်ကြီးချုပ်၏ မိန့်ခွန်းစကားက ဗြိတိန်တွင် တုန်လှုပ်မှုကို ဖြစ်စေခဲ့ကြောင်းနှင့် ပါကစ္စတန်ဆိုင်ရာ ဗြိတိန်သံအမတ် ခရစ္စတီယန် တန်နာကိုလည်း ယင်းကိစ္စအတွက် ရှင်းလင်းပြောဆိုမှုလုပ်ရန် လန်ဒန်သို့ ခေါ်ယူထားခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး The News International က ဖော်ပြသည်။

ဖြစ်ပွားဆဲ ရုရှား-ယူကရိန်း စစ်ပွဲအပေါ် ထားသည့် ရပ်တည်ချက်ကြောင့် ပါကစ္စတန်နှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေးအေးစက်ခဲ့ပြီးနောက်တွင် ပါကစ္စတန် အမျိုးသားလုံခြုံရေးအကြံပေး မိုအိဒ် ယူဆက်ဖ်၏ လာမည့်အပတ် ဗြိတိန်ခရီးစဉ်ကို ဗြိတိန်အစိုးရဘက်က အကြောင်းပြချက်တစုံတရာ မပေးဘဲ ဖျက်သိမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly