ရှီကျင့်ဖျင်က ယဉ်ကျေးမှုအားဖြည့်ခြင်း အစီအစဉ်အောက်တွင် ဝီဂါတိုင်းရင်းသားယဉ်ကျေးမှုကို ဖယ်ရှားနေ

ရှီကျင့်ဖျင်က ယဉ်ကျေးမှုအားဖြည့်ခြင်း အစီအစဉ်အောက်တွင် ဝီဂါတိုင်းရင်းသားယဉ်ကျေးမှုကို ဖယ်ရှားနေ

တရုတ်အစိုးရသည် ဝီဂါများအား လူမျိုးစုနှင့်ယဉ်ကျေးမှုဆိုင်ရာ အမှတ်အသားများကို စွန့်လွှတ်ရန်နှင့် တရုတ်ယဉ်ကျေးမှုကို မြှင့်တင်ရန် တိုက်တွန်းသည့်နည်းလမ်းဖြစ်သော ယဉ်ကျေးမှု ဆိုင်ရာ အားဖြည့်ခြင်းအယူအဆကို ထောက်ခံရေးအတွက် ဝီဂါစကားပြော အစိုးရ အရာရှိများနှင့်တစ်ဦးချင်းစီကို အသုံးချလျက်ရှိသည်။

ယခုသီတင်းပတ်တွင် ကျင်းပခဲ့သည့်၂၀၂၂ ခုနှစ် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) နှင့် ၎င်း၏အကြံပေးအဖွဲ့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) တို့၏ အစည်းအဝေးများ၌ တရုတ်သမ္မတ ရှီကျင့်ဖျင် ပြောကြားခဲ့သော မိန့်ခွန်းအတိုင်းပင် လုပ်ဆောင်နေခြင်းဖြစ်သည်။

‘ယဉ်ကျေးမှုအားဖြည့်ရေး’ နှင့် ‘တရုတ်လူမျိုးတစ်ရပ်လုံး၏ အသိစိတ်’ အပါအဝင် ရှီကျင့်ဖျင်ပြောကြားသည့် ပါလီမန်မိန့်ခွန်းမှ ဆောင်ပုဒ်များကို ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (XUAR) မှ အစိုးရလိုလားသော ကိုယ်စားလှယ်များက ချက်ချင်းပင် အရေးတယူလုပ်ဆောင်ခဲ့သောကြောင့် အဝေးရောက်ဝီဂါများက ဝေဖန်ပြစ်တင်ခဲ့ကြသည်ဟု RFAသတင်းဌာနက ဖော်ပြသည်။

တရုတ်အာဏာပိုင်များက ‘တရုတ်နိုင်ငံ၏စည်းလုံးမှုအသိစိတ်’ ကိုမြှင့်တင်ရန် တိုင်းရင်းသား ဝီဂါအကသမားလည်းဖြစ် CPPCC ကိုယ်စားလှယ်လည်းဖြစ်သည့် ဒီလ်နာအဗ္ဗဒူလာကို အသုံးချလျက်ရှိသည်။ သူမသည် ရှင်ကျန်းရှိ စာသင်ကျောင်းများတွင် တရုတ်ယဉ်ကျေးမှုကို ထည့်သွင်းပေါင်းစပ်ရန်လည်း လုပ်ဆောင်နေသည်။

ယခုလုပ်ဆောင်ချက်သည် ရှင်ကျန်းတွင် တရုတ်ယဉ်ကျေးမှုကို မြှင့်တင်ရန် တရုတ်အစိုးရက အသုံးပြုခဲ့သည့် အကျွမ်းဝင်ပြီးသား နည်းဗျူဟာဟောင်းဖြစ်သည်။အမေရိကန်အခြေစိုက် ကမ္ဘာ့ဝီဂါကွန်ဂရက် (WUC) ၏ အမှုဆောင်ကော်မတီဒုတိယဥက္ကဌ အီရှက်ဟာဆန်ကော့ဘိုရီ၏ ထုတ်ပြန်ချက်များကလည်း အလားတူ ဖော်ပြထားသည်။

“တရုတ်အစိုးရက အဲဒီနည်းတွေကိုသုံးတယ်။ တကယ်တော့ သူတို့က တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အနိုင်ယူတာပါ။ သူတို့ပြောတဲ့ ယဉ်ကျေးမှုအားဖြည့်တယ်ဆိုတာ ဒီနေရာမှာတော့ တရုတ်ယဉ်ကျေးမှုနဲ့ ရောနှောပေါင်းစည်းတာပါပဲ” ဟု ကော့ဘိုရီကဆိုသည်။

ဝီဂါအချို့သည် တရုတ်အစိုးရအတွက် ရုပ်သေးရုပ်ဖြစ်လာကြပြီး အစိုးရအာဘော်ကို ဖောက်သည် ချသူများဖြစ်လာကြသည်။ ကော့ဘိုရီက ဒီလ်နာနှင့် အခြားသော တရုတ်အစိုးရ၏ ခန့်အပ်ခြင်း ခံရသူများကို ရုပ်သေးရုပ်များ ဟုခေါ်ဝေါ်ခဲ့သည်။

တရုတ်အာဏာပိုင်များသည် ရှင်ကျန်းရှိ ဝီဂါများနှင့် အခြားသော တာကစ်လူမျိုးလူနည်းစုများကို အကျဉ်းစခန်းများတွင် မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ကိုယ်ထိလက်ရောက် စော်ကားခြင်းနှင့် ဘာသာရေးအလေ့အထနှင့်ယဉ်ကျေးမှုများကို ကန့်သတ်ခြင်းများကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီးအမေရိကန်နှင့် အခြားသောအနောက်နိုင်ငံများစွာ၏ ဥပဒေပြုလွှတ်တော်များက ထိုလုပ်ရပ်များသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ရာရောက်ကြောင်း ဝေဖန်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly