ပြည်ကြီးတံခွန်မြို့နယ်တွင် နေအိမ်များ ဖျက်ရန် စစ်ကောင်စီထံ တိုင်ကြားသူဟုဆိုသူ ပစ်သတ်ခံရ

ပြည်ကြီးတံခွန်မြို့နယ်တွင် နေအိမ်များ ဖျက်ရန် စစ်ကောင်စီထံ တိုင်ကြားသူဟုဆိုသူ ပစ်သတ်ခံရ

မတ် ၁၄

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ရပ်ကွက် အတွင်းရှိ နေအိမ်များ ဖျက်သိမ်း ရှင်းလင်းရန် စစ်ကောင်စီထံ သတင်းပေး တိုင်ကြားခဲ့သူ ဆိုသူ တစ်ဦး ယနေ့ မတ် ၁၄ ရက် နံနက်ပိုင်းက ပစ်သတ် ခံလိုက်ရကြောင်း သိရသည်။

"ဇီးအုပ် ကွက်သစ်ထဲက အိမ်နှစ်ဆယ်ကျော် လောက်ကို ဖျက်ပစ်ဖို့ စကစ (စစ်ကောင်စီ) ကို မျက်နှာလို မျက်နှာရ တိုင်ပြီး ခေါ်လာတဲ့ ကောင်ကို ဒီနေ့ လုပ်သွားတာပါ၊ သေနတ်နဲ့ လေးငါးချက်လောက်ကို ပစ်ထည့်သွားတာ၊ ပွဲချင်းပြီးပဲ" ဟု အခင်းဖြစ်စဉ် အနီး နေထိုင်သူက ပြောသည်။

အသတ်ခံရသူမှာ ဇီးအုပ်ရွာမကြီးနေ မွတ်တား ဆိုသူဖြစ်ပြီး ၎င်းအား ယနေ့ နံနက် ၉ နာရီခန့်က ၄၉ လမ်း၊ ၁၂၇ လမ်းနှင့် ၁၂၈ လမ်းကြား၌ ပစ်သတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

"ကျူးကျော်အိမ်တွေ ဖျက်ရမယ်၊ မဖျက်ချင်ရင် တပ်ထောက်ခံပွဲ လိုက်ပေးရမယ်လို့ မနေ့က အော်သွားတယ်၊ မွတ်တားက ဒလန်မှ ဒလန် စစ်စစ်ဗျ၊ စကစ သတင်းပေးတဲ့ကောင်" ဟု ဒေသခံ တစ်ဦးက ဆိုသည်။

၎င်းအား ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ ဖြစ်သည့် Mandalay Youth Special Forces(MYSF) က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီ၏ သတင်းပေး၊ ပျူသင်တန်းဆင်း ဇီးအုပ်ဒလန် မွတ်တားအား သေနတ်ငါးချက်ဖြင့် ပစ်သတ်ခဲ့ကြောင်း၊ အပြစ်မဲ့ ပြည်သူများအား အကြမ်းဖက် စစ်ကောင်စီနှင့် ပေါင်းပြီး အိမ်ခြေရာမဲ့ ဖြစ်ရန် ကြံစည်ခြင်းကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#Mizzima

#ပြည်ကြီးတံခွန်မြို့နယ်

#ဒလန်

#ပစ်သတ်

#MYSF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly