ယူကရိန်းတွင် ကျန်းမာရေးနှင့်ဆိုင်ရာများ တိုက်ခိုက်ခံရခြင်းကို ကုလသမဂ္ဂ အေဂျင်စီများ ရှုတ်ချ 

ယူကရိန်းတွင် ကျန်းမာရေးနှင့်ဆိုင်ရာများ တိုက်ခိုက်ခံရခြင်းကို ကုလသမဂ္ဂ အေဂျင်စီများ ရှုတ်ချ 
Photo - AFP

မတ် ၁၄

ယူကရိန်းတွင် ကျန်းမာရေးပြုစုစောင့်ရှောက်ရေး ဝန်ထမ်းများနှင့် ကျန်းမာရေးနှင့်ဆိုင်ရာ အဆောက်အအုံ၊ ပစ္စည်းပစ္စယများ တိုက်ခိုက်ခံရခြင်းများ အဆုံးသတ်ရန်နှင့် ချက်ချင်းအပစ်ရပ်ရန် ကုလသမဂ္ဂအေဂျင်စီများက တနင်္ဂနွေနေ့တွင် တိုက်တွန်းသည်။ 

ထိုသို့ ကျန်းမာရေးနှင့်ဆိုင်ရာများ တိုက်ခိုက်ခံရမှုများအတွင်း လူ တစ်ဒါဇင်ခန့် သေဆုံးပြီး “အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော” လုပ်ရပ်အဖြစ် ကုလသမဂ္ဂ အေဂျင်စီများက ဆိုသည်။ 

ယူကရိန်းကို ရုရှကျူးကျော်ချိန်မှစကာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ တိုက်ခိုက်ခံရမှု ၃၁ ခု ရှိခဲ့ကြောင်း WHO ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့်ဆိုင်ရာ တိုက်ခိုက်ခံရမှု ထောက်လှမ်းရေးစနစ်မှ မှတ်တမ်းတင်ခဲ့ကြောင်း ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

အဆိုပါ ပူးတွဲထုတ်ပြန်ချက်ကို ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF၊ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲများက လက်မှတ်ထိုး ထုတ်ပြန်ခြင်း ဖြစ်သည်။ 

“ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ နာဖျားနေသူတွေ စတဲ့ ခုခံကာကွယ်နိုင်စွမ်း အားအနည်းဆုံးတွေနဲ့ လူတွေရဲ့ အသက်ကို ကယ်တင်နိုင်ရေး ကိုယ့်အသက်ကို စွန့်စားလုပ်ကိုင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တိုက်ခိုက်ခြင်းဟာ အလွန်အမင်း ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ပဲ ဖြစ်တယ်”ဟု ၎င်းကတို့က ဆိုသည်။ 

တိုက်ခိုက်ခံရမှုများ၌ ၂၄ ခုတွင် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံပစ္စည်းပစ္စယများ ဖျက်ဆီးခံရခြင်းများ ရှိခဲ့ပြီး ငါးမှုတွင် အရေးပေါ်ယာဉ်များ တိုက်ခိုက်ခံရခြင်းဖြစ်သည်။ တိုက်ခိုက်ခံရမှုများ၌ သေဆုံးသူ ၁၂ ဦးရှိပြီး ၃၄ ဦးက ထိခိုက်ဒဏ်ရာရသည်။ 

ယခု ပူးတွဲထုတ်ပြန်ချက်၌ ချက်ချင်းအပစ်ရပ်ရေးကိုလည်း တောင်းဆိုထားသည်။ 

အကူအညီပေးရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်သားများအနေဖြင့် COVID-19 နှင့် ပိုလီယို ကာကွယ်ဆေးများ ထိုးနှံခြင်း အပါအဝင် ၎င်းတို့၏ လုပ်ငန်းများကို ဘေးကင်းစွာဖြင့် ဆောင်ရွက်နိုင်ရမည် ဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံက အရပ်သားများအပြင် အိမ်နီးချင်းနိုင်ငံများသို့ ဖြတ်ကျော်ဝင်ရောက်သော ဒုက္ခသည်များကိုလည်း ဆေးဝါးစောင့်ရှောက်မှုများ ပေးနိုင်ရမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required