ယူကရိန်းကို နောက်ထပ် စစ်ရေးအကူအညီ ဒေါ်လာ သန်း ၂၀၀ အမေရိကန် ပေးမည်

ယူကရိန်းကို နောက်ထပ် စစ်ရေးအကူအညီ ဒေါ်လာ သန်း ၂၀၀ အမေရိကန် ပေးမည်

မတ် ၁၃

ရုရှတပ်များက ယူကရိန်း၌ ဗုံးကြဲတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ပြီး အရပ်သားဧရိယာများကို တိုက်ခိုက်မှုများ ရှိနေစဉ် ယူကရိန်းအတွက် နောက်ထပ် ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်း အကူအညီများ ထပ်ပေးသွားရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မတ်လ ၁၂ ရက်တွင် တရားဝင် ခွင့်ပြုပေးခဲ့သည်။

ဝါရှင်တန်သည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၂၆ ရက်ကလည်း ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်း ဒေါ်လာ သန်း ၃၅၀ ဖိုး ခွင့်ပြုခဲ့ရာ ယင်းသည် အမေရိကန်သမိုင်းတွင် ယင်းကဲ့သို့သော အကြီးဆုံး ထောက်ပံ့မှုလည်း ဖြစ်ခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး၏ အကူအညီ တောင်းခံမှုများက ပို၍ပို၍ အသည်းအသန် ဖြစ်နေခဲ့ပြီး ဇယ်လန်စကီးသည် ၎င်း၏ နိုင်ငံအတွက် အကူအညီများ ပေးရန် အမေရိကန် ၊ အီးယူနှင့် နေတိုးအုပ်စုတို့ထံ ထပ်တလဲလဲ တိုက်တွန်းထားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ထံ အကြောင်းကြားစာတစ်စောင်ထဲတွင် ယူကရိန်းထံ အကူအညီ ထောက်ပံ့ရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒေါ်လာ သန်း ၂၀၀ ဖိုးအထိ အသုံးပြုရန် သမ္မတ ဘိုင်ဒင်က ခွင့်ပြုသတ်မှတ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ ငွေကြေးများကို ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းများ ပေးအပ်မှုအပြင် စစ်ဘက် လေ့ကျင့်သင်ကြားရေးဆိုင်ရာ အထောက်အပံ့များ ပေးအပ်ရာတွင် အသုံးပြုသွားနိုင်မည် ဖြစ်သည်။

ယူကရိန်း၌ အနောက်အုပ်စု၏ လက်နက်ပစ္စည်း အထောက်အပံ့များကို မိမိတို့၏ တပ်ဖွဲ့များက ပစ်မှတ်ထား တိုက်ခိုက်သွားနိုင်ကြောင်းနှင့် လက်နက်များ ဝင်ရောက်မှုက ယာဉ်တန်းများကို တရားဝင်ပစ်မှတ်များအဖြစ် ပြောင်းလဲလိမ့်မည် ဖြစ်ကြောင်း ရုရှက မတ်လ ၁၂ ရက်တွင် ပြောခဲ့သည်။

ယူကရိန်းအတွက် အမေရိကန်၏ ယခုနောက်ထပ် စစ်ရေး အကူအညီ ပေးအပ်မှု မတိုင်မီ နှစ်ရက်အကြာက အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုမှတစ်ဆင့် ယူကရိန်းသို့ MiG တိုက်လေယာဉ်များ ပေးပို့ရေး အဆိုပြုချက်များကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပယ်ချထားခဲ့သည်။

ရုရှ ကျူးကျော်မှုကို ခုခံတွန်းလှန်နေသည့် ကိယက်ဗ်၏ အားထုတ်မှုများကို မြေပြင်အခြေပြု လက်နက်များ ထောက်ပံ့ခြင်းဖြင့် ပိုမိုကောင်းမွန်စွာ ထောက်ကူဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly