မန္တလေးမြို့တွင် စစ်ကောင်စီနှင့် ဆက်စပ်သည့် နေရာ ၃ ခုတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ရ

မန္တလေးမြို့တွင် စစ်ကောင်စီနှင့် ဆက်စပ်သည့် နေရာ ၃ ခုတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ရ

မတ် ၁၁

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ယနေ့ မတ်လ ၁၁ရက်နေ့ နံနက်ပိုင်းက မြို့နယ် လျှပ်စစ်မန်နေဂျာရုံး ဗုံးနှစ်ကြိမ်တိုက်ခိုက်ခံရမှုအပါအ၀င် စစ်ကောင်စီနှင့် ဆက်စပ်သည့်နေရာသုံးခု ဗုံးခွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

“မနက်အစောပိုင်းတုန်းက တစ်ကြိမ်ပေါက်ကွဲသံကြားတယ်။ အသံဗုံးလို့ ပြောတယ်။ ဗုံးကမပေါက်ဘူးလို့လည်းပြောတယ်။ အဲဒီလိုပြောနေရင်းနဲ့ပဲ ၁၀ နာရီကျော်လောက်ကတော့ နောက်ထပ်တစ်လုံးထပ်ပေါက်တယ်။ နောက်တစ်လုံးပေါက်တဲ့အချိန်မှာ မီတာလာဆောင်တဲ့လူတွေတောင်ရှိနေပြီ။ အထိအခိုက်တော့မရှိဘူးကြားတာပဲ” ဟု ပုသိမ်ကြီးမြို့နယ် လျှပ်စစ်မန်နေဂျာရုံး တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ဒေသခံသတင်းရင်းမြစ်ကပြောသည်။

ပုသိမ်ကြီးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးအ၀င်ပေါက်အနီးတွင် နံနက် ၇ နာရီခွဲအချိန်ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ အသံဗုံးဖြစ်နိုင်ကြောင်း၊ တစ်ချိန် တည်းတွင် ပုသိမ်ကြီးမြို့နယ်စည်ပင်သာယာရုံးတွင်လည်း အလားတူ ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ်ဒေသခံက ပြောသည်။

ထိုဗုံးခွဲတိုက်ခိုက်မှုများနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခြင်း ဖြစ်ကြောင်းမသိရသေးပေ။

လျှပ်စစ်မန်နေဂျာရုံး တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် 20MVA ထရန်စဖော်မာတစ်လုံး ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိခဲ့ကြောင်း သိရသည်။

“ပုသိမ်ကြီးမြို့နယ် မြို့မခွဲရုံကို လက်လုပ်ဗုံးနဲ့လာပစ်သွားတာပါ။ အဲဒါပျက်စီးသွားလို့ အနည်းဆုံး မီးသုံးလေးရက်ပျက်မယ်လို့ ပြောတယ်။ မီတာရုံးဘေးလမ်း ကိုလည်း ဘယ်သူမှ အဖြတ်အသန်း မလုပ်ရဘူး။ ပစ်မယ်လို့ အော်ပြောထားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

အမရပူရမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံးအနီး၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်တွင် ယနေ့ နံနက် ၉ နာရီအဍခန့်ကလည်း ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့သေးသည်။

#မန္တလေးမြို့

#ပုသိမ်ကြီးမြို့နယ်

#အမရပူရမြို့နယ်

#လျှပ်စစ်မန်နေဂျာရုံး

#စည်ပင်သာယာရုံး

#ငါးလုပ်ငန်းဦးစီးဌာန

#ဗုံးပေါက်ကွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly