ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်စေရေးအတွက် ဓာတ်ခွဲခန်းများရှိ ပက်သိုဂျင်များကို ဖျက်ဆီးရန် ယူကရိန်းကို WHO တိုက်တွန်း

ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်စေရေးအတွက် ဓာတ်ခွဲခန်းများရှိ ပက်သိုဂျင်များကို ဖျက်ဆီးရန် ယူကရိန်းကို WHO တိုက်တွန်း

မတ် ၁၁

လူအများအကြား ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်စေမည့် “ဖြစ်နိုင်ခြေရှိ ယိုစိမ့်ထွက်မှု မှန်သမျှ” ကို တားဆီးကာကွယ်ရန်အလို့ငှာ အများပြည်သူ ကျန်းမာရေး ဓာတ်ခွဲခန်းများ၌ ထားရှိသည့် ခြိမ်းခြောက်မှုအန္တရာယ် မြင့်မားသော ပက်သိုဂျင် (ရောဂါ ဖြစ်ပွားစေသောပစ္စည်း၊ pathogens) များကို ဖျက်ဆီးပစ်ရန် ယူကရိန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တိုက်တွန်းအကြံပြုထားသည်ဟု အဆိုပါ အေဂျင်စီက မတ်လ ၁၀ ရက်တွင် ရိုက်တာကို ပြောသည်။

ယူကရိန်းနိုင်ငံထဲသို့ ရုရှ တပ်များ ကျူးကျော်ဝင်ရောက်မှု၊ ယူကရိန်းမြို့ကြီးများကို ဗုံးကြဲတိုက်ခိုက်မှုတို့ရှိနေခြင်းက ရောဂါဖြစ်စေသော ပက်သိုဂျင်များ လွတ်ထွက်မှု ဖြစ်နိုင်သည့် အလားအလာအန္တရာယ်ကို မြင့်တက်ထားစေလျက် ရှိပြီး အကယ်၍ အဆိုပါ ဓာတ်ခွဲခန်းအဆောက်အအုံတစ်ခုခု ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့သော် ပက်သိုဂျင်များ လွတ်ထွက်မှု ဖြစ်နိုင်ကြောင်း ဇီဝလုံခြုံရေး ကျွမ်းကျင်သူများက ပြောကြသည်။

အခြားသော နိုင်ငံ အများအပြားကဲ့သို့ပင် ယူကရိန်းတွင်လည်း COVID-19 အပါအဝင် တိရစ္ဆာန်နှင့် လူသားတို့အပေါ် ထိခိုက်သက်ရောက်စေမည့် အန္တရာယ်ရှိ ရောဂါများ၏ ခြိမ်းခြောက်မှုများကို မည်သို့မည်ပုံ လျော့ပါးအောင် လုပ်မလဲ ဆိုပြီး သုတေသနပြု လေ့လာနေသည့် အများပြည်သူ ကျန်းမာရေး ဓာတ်ခွဲခန်းများ ရှိသည်။ ယင်း၏ ဓာတ်ခွဲခန်းများသည် အမေရိကန်၊ ဥရောပသမဂ္ဂ နှင့် WHO တို့ထံမှ ထောက်ခံမှုများကို ရရှိထားသည်။

“မတော်တဆဖြစ်စေ သို့မဟုတ် တမင်ရည်ရွယ်၍ ဖြစ်စေ ပက်သိုဂျင်များ လွတ်ထွက်မှု” များကို ကူညီတားဆီးနိုင်ရေးအတွက် လုံခြုံရေး အလေ့အကျင့်များကို အားပေးရန် ယူကရိန်း၏ အများပြည်သူ ကျန်းမာရေးဓာတ်ခွဲခန်းများနှင့် နှစ်ချီကြာ ပူးပေါင်းဆောင်ရွက်ထားခဲ့ကြောင်း WHO က ပြောသည်။ ယင်းသည် ရုရှ ကျူးကျော်မှု မတိုင်မီနှင့် ကျူးကျော်မှု ကာလအတွင်း ယူကရိန်းနှင့် လက်တွဲလုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး ရိုက်တာ၏ မေးခွန်းများကို အီးမေးလ်ကတစ်ဆင့် အဖြေပေးစဉ် WHO က ယင်းကဲ့သို့ ပြောသွားခြင်းဖြစ်သည်။

“ဒီ လုပ်ငန်းနဲ့ပတ်သက်လို့ တစ်စိတ်တစ်ဒေသအားဖြင့် ဖြစ်နိုင်ခြေရှိ လွတ်ထွက်ယိုပေါက်မှုတွေ မဖြစ်အောင် တားဆီးကာကွယ်ဖို့အတွက် ခြိမ်းခြောက်မှု အန္တရာယ်မြင့်မားတဲ့ ပက်သိုဂျင်တွေကို ဖျက်ဆီးပစ်ဖို့အတွက် ယူကရိန်းရဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အခြား တာဝန်ရှိအဖွဲ့အစည်းတွေကို WHO ဘက်က အလေးအနက် တိုက်တွန်းအကြံပြုထားပါတယ်” ဟု ကုလ အေဂျင်စီဖြစ်သည့် WHO က ပြောသည်။

အဆိုပါ အကြံပြုချက်ကို မည်သည့်အချိန်တွင် လုပ်ဆောင်ခဲ့သလဲ ဆိုသည်နှင့် ယူကရိန်း၏ ဓာတ်ခွဲခန်းများ၌ ထားရှိသည့် ပက်သိုဂျင်များ သို့မဟုတ် အဆိပ်အတောက် များ၏ အမျိုးအစားများနှင့်ပတ်သက်ပြီး အသေးစိတ်ကို ထောက်ပံ့ခဲ့သလား ဆိုသည်ကို WHO က မထုတ်ဖော်ပေ။ ထို့ပြင် ယင်း၏ အကြံပြုချက်များကို လိုက်နာဆောင်ရွက်ထားခဲ့သလားဆိုသည့် မေးခွန်းများကိုလည်း ကုလ‌အေဂျင်စီက မဖြေကြားခဲ့ပေ။

ကိယက်ဗ်ရှိ ယူကရိန်း တာဝန်ရှိသူများနှင့် ဝါရှင်တန်ရှိ သံရုံးမှ တာဝန်ရှိသူများက မှတ်ချက်ပေးရန် ပန်ကြားချက်ကို မဖြေကြားခဲ့ပေ။

ပြီးခဲ့သည့် နှစ်ပတ်အကြာက ရုရှက ယူကရိန်းနိုင်ငံထဲ ကျူးကျော်စစ် စတင်ဆင်နွှဲခဲ့ပြီးနောက် ယူကရိန်း၏ ဓာတ်ခွဲခန်းဆိုင်ရာ လုပ်နိုင်စွမ်းများက ကြီးထွားလာသော သတင်းအချက်အလက်စစ်ပွဲ၏ ဗဟိုချက်တွင် ရှိနေသည်။

အမေရိကန်သည် ယူကရိန်း၌ ဇီဝစစ်ပွဲဆိုင်ရာ ဓာတ်ခွဲခန်းတစ်ခုကို လည်ပတ်နေသည် ဆိုသည့် ပြောဆိုချက်ကို ရုရှ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ဗုဒ္ဓဟူးနေ့က ထပ်မံ ပြောဆိုခဲ့သည်။ ထို စွပ်စွဲချက်ကို ဝါရှင်တန်နှင့် ကိယက်ဗ်တို့က ထပ်တလဲလဲ ငြင်းဆန်ထားသည်။

ဓာတ်ခွဲခန်းနမူနာများကို ဖျက်ဆီးရင်း စစ်ဘက် ဇီဝလက်နက် အစီအစဉ်များ၏ သက်သေအထောက်အထားများကို ဖျောက်ဖျက်ပစ်ရန် အရေးပေါ် ကြိုးပမ်းမှုတစ်ရပ်ရှိသည် ဆိုသည်ကို ယူကရိန်း၌ ရုရှတပ်များ ဖော်ထုတ်တွေ့ရှိသည့် မှတ်တမ်းမှတ်ရာများက ပြသနေကြောင်း ဇာခါရိုဗာက ပြောသည်။

သူမ၏ သတင်းအချက်အလက်နှင့်ပတ်သက်ပြီး ရိုက်တာအနေဖြင့် သီးခြား အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။

“ယူကရိန်းအနေဖြင့် ယင်းကဲ့သို့သော စွပ်စွဲချက်များကို အခိုင်အမာ ငြင်းဆိုသည်” ဟု ယူကရိန်းသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တုံ့ပြန်ခဲ့သည်။ အလားတူ ဇာခါရိုဗာ၏ စွပ်စွဲချက်များကို အမေရိကန် အစိုးရ ပြောရေးဆိုခွင့်ရှိသူကလည်း အခိုင်အမာငြင်းဆန်ခဲ့ပြီး ရုရှသည် ယင်း ကိုယ်တိုင် ဓာတု သို့မဟုတ် ဇီဝလက်နက်များ အသုံးပြုရန် မူမမှန်အကြောင်းပြချက် ပေးမှုအဖြစ် ထိုပြောဆိုချက်များကို အသုံးချကောင်း ချနေနိုင်သည်ဟု ပြောဆိုခဲ့သည်။

WHO ၏ ထုတ်ပြန်ချက်တွင် ဇီဝ လက်နက်စစ်ဆင်မှု နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ရည်ညွှန်းမှု မလုပ်ထားပေ။ သက်ဆိုင်သူအားလုံးအနေဖြင့် ပက်သိုဂျင်များကို ဘေးကင်းလုံခြုံစွာ စွန့်ပစ်ရှင်းလင်းမှုတွင် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်ပါက နည်းပညာအကူအညီများ လက်ကမ်းတောင်းခံကြရန် WHO က တိုက်တွန်းထားသည်။ နည်းပညာဆိုင်ရာ လမ်းညွှန်မှုနှင့် ချိတ်ဆက်ညှိနှိုင်းမှုတို့ဖြင့် တတ်နိုင်သမျှ ကူညီပေးမည်ဟု ယင်းက ကမ်းလှမ်းခဲ့သည်။

ယူကရိန်း၌ အမေရိကန်၏ ဇီဝလက်နက်ဆိုင်ရာ လုပ်ဆောင်ချက်များ ရှိနေသည် ဆိုပြီး အထောက်အထားမဲ့ တင်ပြသည့် မော်စကို၏ ပြောဆိုချက်များနှင့် စပ်လျဉ်းပြီး ဆွေးနွေးရန် ရုရှ၏ ပန်ကြားချက်အရ ကုလလုံခြုံရေး ကောင်စီက သောကြာနေ့တွင် အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း သံတမန်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly