အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းများနှင့် နီးစပ်သည့် အရပ်သားများကို တာလီဘန်တို့က ဖမ်းဆီး နှိပ်စက်နေ

အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းများနှင့် နီးစပ်သည့် အရပ်သားများကို တာလီဘန်တို့က ဖမ်းဆီး နှိပ်စက်နေ

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့သည် ပြီးခဲ့သည့် ရက်များအတွင်း ဒေကွန်ဒီပြည်နယ်၌ တစ်အိမ်တက်ဆင်း ရှာဖွေမှုများကို လုပ်ဆောင်ခဲ့ပြီး ယခင်အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းများနှင့် နီးစပ်သော အရပ်သားအချို့ကို ဖမ်းဆီးထိန်းသိမ်းကာ လက်နက်များ ရှိမရှိ စုံစမ်းမေးမြန်းလျက်ရှိသည်။

အဆိုပါ အရပ်သားများ၏ နေအိမ်များ ရှာဖွေခံရပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရကာ ညှင်းပန်း နှိပ်စက်ခံနေရကြောင်း အာဖဂန်နစ္စတန် အွန်လိုင်းသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Reporterly ၏ သတင်းရင်းမြစ်များက ပြောသည်။

တာလီဘန်တို့သည် အင်အားသုံးပြီး ယခင်အစိုးရအမှုထမ်းဟောင်းများ၊ လက်နက်များ၊ စစ်ဘက်ယာဉ်များနှင့် ပစ္စည်းကိရိယာများကို ရှာဖွေလျက် ရှိသည်ဟု မြင်တွေ့သူများက ပြောသည်။

“တာလီဘန်တွေ ကဘူးလ်မှာ တစ်အိမ်တက်ဆင်း ရှာဖွေမှုတွေကို တိုးမြှင့်လုပ်ဆောင်ထားခဲ့ပြီး အဲဒီလို ရှာဖွေမှုတွေအတွင်းမှာလည်း အင်အားအသုံးပြုမှု သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ အာဖဂန်နစ္စတန် အင်တာနေရှင်နယ်လ်က ဖော်ပြပါတယ်။ တာလီဘန်တွေဟာ ယခင်အစိုးရအရာရှိဟောင်းတွေ၊ လက်နက်တွေ၊ စစ်ဘက်ယာဉ်တွေနဲ့ ပစ္စည်းကိရိယာတွေကို ရှာနေတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်” ဟု Reporterly က တွစ်တာတွင် ရေးသည်။

ယခင်အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းများနှင့် နီးစပ်သော အရပ်သားတချို့ ဖမ်းဆီးထိန်းသိမ်းခံရသည် ဆိုသည့် သတင်းများကိုလည်း Reporterly ၏ သတင်းရင်းမြစ်များက အတည်ပြုသည်။

တာလီဘန်တို့ ပြီးခဲ့သည့်အပတ်မှစပြီး ကဘူးလ်၌ တစ်အိမ်တက်ဆင်း ရှာဖွေမှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုလုပ်ရပ်ကို မီဒီယာများသာမက နိုင်ငံသားများ၊ ဂျာနယ်လစ်များနှင့် အာဖဂန်နစ္စတန် အခြေအနေကို စောင့်ကြည့်နေသော ပြည်ပရှိ အရပ်ဘက်လူ့အဖွဲ့အစည်း အဖွဲ့ဝင်များက လူမှု မီဒီယာ ပလက်ဖောင်းများပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြစ်တင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly