ယူကရိန်းတွင် ပိတ်မိနေသည့် ပါကစ္စတန် ကျောင်းသူတစ်ဦးကို အိန္ဒိယက ကယ်တင်ပေး

ယူကရိန်းတွင် ပိတ်မိနေသည့် ပါကစ္စတန် ကျောင်းသူတစ်ဦးကို အိန္ဒိယက ကယ်တင်ပေး

ရုရှား၏ တိုက်ခိုက်မှုနှင့်ကြုံတွေ့နေရသည့် ယူကရိန်းနိုင်ငံတွင် ပိတ်မိနေသည့် ပါကစ္စတန် ကျောင်းသူတစ်ဦးကို အိန္ဒိယ အာဏာပိုင်များက ကယ်တင်ပေးခဲ့သည်။

အက်စ်မာရှာဖစ်ဆိုသူ အဆိုပါ ကျောင်းသူသည် ယခုအခါ ယူကရိန်းနိုင်ငံ အနောက်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ကာ ကယ်ဆယ်ရေးအစီအစဉ်ဖြင့် နိုင်ငံတွင်းမှ ထွက်ခွာပြီး မိသားစုနှင့် မကြာမီ ပြန်ဆုံနိုင်တော့မည်ဖြစ်သည်။

ယခုလို ကယ်ထုတ်ပေးခဲ့ခြင်းအပေါ် ကိဗ်မြို့ရှိအိန္ဒိယ သံရုံးနှင့်ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီတို့ကို ကျေးဇူးတင်ကြောင်း ရှာဖစ်က ပြောကြားခဲ့သည်။

“ဒုက္ခရောက်နေတဲ့ အခြေအနေကနေ ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ ကူညီပံ့ပိုးပေးတဲ့ ကိဗ်မြို့က အိန္ဒိယ သံရုံးကို ကျေးဇူးတင်ကြောင်းနဲ့ ကျွန်မတို့ကို ကူညီပေးတဲ့ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီကိုလည်း ကျေးဇူးတင်ပါတယ်။ အိန္ဒိယ သံရုံးရဲ့ အကူအညီကြောင့် အိမ်ကို ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု သူမက ပြောကြားသည်။

အိန္ဒိယအနေဖြင့် ယခင်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသာတစ်ဦးကို ယူကရိန်းမှ ကယ်ထုတ်ပြီး ဖြစ်သလို ‘ဂင်္ဂါ စီမံချက်’ အရ နီပေါနိုင်ငံသားတစ်ဦးကိုလည်း လေယာဉ်ဖြင့် ခေါ်ယူကယ်ထုတ်ပေးရန် အကြောင်းကြားထားပြီး ဖြစ်သည်။

အိန္ဒိယ အာဏာပိုင်တို့က ကယ်ထုတ်ပေးခဲ့သည့် ပထမဆုံးနီပေါနိုင်ငံသား ရိုစ်ဟန် ဂျာဟာကလည်း အကူအညီပေးခဲ့သည့် နီပေါအစိုးရကို ကျေးဇူးတင်ကြောင်း ပြောကြားချက်ကို The Kathmandu Post သတင်းဌာနက ဖော်ပြခဲ့သည်။

အိန္ဒိယအစိုးရက နီပေါနိုင်ငံသား နောက်ထပ် ၇ဦးကိုလည်း ပိုလန်နိုင်ငံမှတဆင့် ကယ်ထုတ်ပေးထားကြောင်း ခတ္တမန္ဒူမြို့ရှိ အိန္ဒိယသံရုံးက ထုတ်ပြန်ထားသည်။

‘ဂင်္ဂါ စီမံချက်’ ဖြင့် ယူကရိန်း၏ အိမ်နီးချင်း နိုင်ငံများမှတစ်ဆင့် ကယ်ထုတ်ပေးခဲ့သည့် အိန္ဒိယနိုင်ငံသား ၁၈၀၀၀ ရှိသွားပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly