လွိုင်ကော်မြို့တွင် ကယားပြည်နယ်ငြိမ်းချမ်းရေး ဖိုရမ်ကျင်းပ

လွိုင်ကော်မြို့တွင် ကယားပြည်နယ်ငြိမ်းချမ်းရေး ဖိုရမ်ကျင်းပ

မန္တလေး၊ ဇန်နဝါရီ ၂၁ ။              ။ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ရှိ ရှေးဦးကလေး သူငယ်ဘက်စုံပြုစု ပျိုးထောင်ရေးဂေဟာတွင် ကယားပြည်နယ်ငြိမ်းချမ်းရေးဖိုရမ်ကို ဇန်နဝါရီလ ၂၁ရက်၊နံနက် ၉ နာရီ ၃၀ မိနစ်က စတင်ကျင်းပလျက်ရှိကြောင်းသိရသည်။

ကယားပြည်နယ်ငြိမ်းချမ်းရေးဖိုရမ်ကို အလင်းသစ်လူမှုဖွံ့ဖြိုးးရေးအဖွဲ့၊ ကယားပြည်နယ်လူငယ်များကွန်ယက်၊ ကယန်းဒေသလူမှုဖွံ့ဖြိုးရေးအဖွဲ့၊ အမျိုးသမီးများဘဝလုံခြုံရေးဂေဟာ၊ ကယားဖူးနှစ်ခြင်း လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုရေးအသင်းနှင့် ကန္တရဝတီလူငယ်များအဖွဲ့တို့ မှဦးဆောင်ကာ ဇန်နဝါရီ ၂၃ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဟု အလင်းသစ်လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ကယားပြည်နယ်ငြိမ်းချမ်းရေး ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ ၊ပြောရေးဆိုခွင့်ရှိသူ ကိုဒီးဒီ က မဇ္ဈိမ ကိုပြောသည်။
 
ကယားပြည်နယ်ငြိမ်းချမ်းရေးဖိုရမ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဖိုရမ်သို့တက်ရောက်လာသောပုဂ္ဂိုလ်များ၏ မတူညီသောကိုးကွယ်ယုံကြည်မှု၊နိုင်ငံရေးနောက်ခံသမိုင်းများကို လေးစားခြင်းအားဖြင့် ကယားပြည်နယ်၏ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွင် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး ဘုံသဘောတူညီမှု တစ်ခုရရှိစေရန်၊ ဖိုရမ်သို့တက်ရောက်လာသော ပုဂ္ဂိုလ်များကြား အနာဂတ်တွင်ကယားပြည်နယ်၏ ပိုမိုကောင်းမွန်သောဒေသခံအုပ်ချုပ်မှုစနစ် တစ်ခုဖြစ်ပေါ်လာရေးအတွက် ဆွေးနွေးရန်၊ ကယားပြည်နယ်အတွင်းရှိပြည်သူများ၏  ဘဝလုံခြုံရေးနှင့် ငြိမ်းချမ်းရေး ကိုအာမခံပေးနိုင်သော အရာများကို ဆွေးနွေးကြရန်၊ဖိုရမ်သို့တက်ရောက်လာသော ပုဂ္ဂိုလ်များကြား လယ်ယာမြေပြဿများ၊ သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ပြဿနာများ ကိုဆွေးနွေးနိုင်ရန်တို့အတွက် ဖြစ်သည်ဟု ကိုဒီးဒီက ဆိုသည်။

ကရင်နီပြည်လူငယ်များ သမဂ္ဂဗဟိုကော်မတီဝင် ကိုကျော်ထင်အောင် က "ကျွန်တော်တို့ပြည်နယ်အတွင်းမှာရှိတဲ့ ကြုံတွေ့နေရတဲ့ လူမှုဒုက္ခတွေ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာတွေဆွေးနွေးနေပါတယ်။ ဒါတွေဆွေနွေးပြီးမှ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ဒေသခံတွေ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာ သိရမှာပါ။အခုတော့ ဆွေးနွေးနေကြဆဲပါ။"ဟုပြောသည်။

ဆွေးနွေးရာတွင် ကယားပြည်နယ် ပတ်ဝန်းကျင်ကျေးရွာ ၇၁ ရွာတွင် ကြုံတွေ့နေရသော လူမှုဒုက္ခများကို ခြုံငုံဆွေးနွေးမှာဖြစ်ပြီး ဆွေးနွေးမှုမှ ရရှိလာသောရလာဒ်များကို ဒေသခံများနှင့် အရပ်ဘက် အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါဖိုရမ်သို့ အရပ်ဘက်အဖွဲ့အစည်းများ နှင့်နိုင်ငံရေးပါတီများ၊ စိတ်ဝင်စားသူငယ်များစသည်ဖြင့် အင်အား ၁၅၀ ဦးတက်ရောက်ဆွေးနွေး လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly