ကလေးဆေးရုံ တိုက်ခိုက်ခံရ၍ စိတ်ဆိုးဒေါသထွက်လျက် ရှိချိန် ရုရှတပ်များ ကိယက်ဗ်မြို့တော်နား နီးကပ်လာ 

ကလေးဆေးရုံ တိုက်ခိုက်ခံရ၍ စိတ်ဆိုးဒေါသထွက်လျက် ရှိချိန် ရုရှတပ်များ ကိယက်ဗ်မြို့တော်နား နီးကပ်လာ 

မတ် ၁၀

ဝိုင်းရံခံ မာရီယူပိုမြို့က ကလေးဆေးရုံကို “ရိုင်းစိုင်းစွာ” တိုက်ခိုက်ခဲ့သည်ဟု နိုင်ငံတကာ ခေါင်းဆောင်များနှင့် ယူကရိန်းတို့က ရုရှအား စွပ်စွဲလျက် ရှိချိန် ရုရှတပ်များသည် ကြာသပတေးနေ့၌ ကိယက်ဗ်မြို့တော်အနီးသို့ ရောက်ရှိလာခဲ့သည်။ 

တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားဆဲ၌ ရုရှနှင့် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးများသည် လက်ရှိအထိ ဖြစ်ပွားနေသော ပဋိပက္ခများအရေး အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲ ကျင်းပရန်အတွက် တူရကီသို့ ရောက်ရှိနေသော်လည်း အကျပ်အတည်း ဖြေရှင်းရေးအတွက် မျှော်လင့်ချက်က နိမ့်ပါးလျက်ရှိနေသည်။ 

ဗုဒ္ဓဟူးနေ့တွင် ရုရှ၏ တိုက်ခိုက်မှုများအောက်မှ အရပ်သား ၃၅၀၀၀ တို့ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောသော်လည်း မာရီယူပိုမြို့အခြေအနေမှာ အနည်းငယ်သာ သက်သာရရှိပြီး ကိုးရက်ကြာ ပိတ်ဆို့ဝိုင်းရံမှုအတွင်း အဆင်အခြင်မဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် အရပ်သား ၁၂၀၀ ကျော် သေဆုံးရကြောင်း မြို့တော်ဝန်ဖြစ်သူက ပြောသည်။ 

ထိုပြင် ရုရှ တင့်ကားများသည် မြို့တော်ကိယက်ဗ်မှ ကီလိုမီတာ အနည်းငယ် အကွာအဝေးသို့ ရောက်ရှိလာခြင်းနှင့်အတူ မကြာမီ မြို့တော်ကို ဝန်းရံပိတ်ဆို့ခံရမည်ကို စိုးရိမ်ပူပန်မှုများ ရှိနေသည်။ 

တောင်ပိုင်း မာရီယူပို ဆိပ်ကမ်းမြို့ရှိ မကြာသေးခင်ကမှ ပြင်ဆင်မွမ်းမံခဲ့သော တိုက်ခိုက်ခံရသည့် ဆေးရုံ ကြီးကြီးမားမား ထိခိုက်ပျက်စီးသည်ကို ဇယ်လန်စကီးက ဗီဒီယို ဖြန့်ဝေပြီး ယင်း ဆေးရုံတိုက်ခိုက်မှုကို “စစ်ရာဇဝတ်မှု”အဖြစ် ရှုတ်ချသည်။ 

တိုက်ခိုက်မှုအတွင်း ဝန်ထမ်းအနည်းဆုံး ၁၇ ဦး ဒဏ်ရာရပြီး သေဆုံးမှု သတင်း လက်ငင်းမကြားရသေးကြောင်း ဌာနေတာဝန်ရှိသူတစ်ဦးက ပြောသည်။ “ရုရှတပ်ဖွဲ့များ၏ တိုက်ရိုက် တိုက်ခိုက်မှုကြောင့်” ကလေးများသည် အပျက်အစီးများအောက် ရောက်ရှိခဲ့ကြောင်း ဇယ်လန်စကီးက ပြောသည်။ 

တိုက်ခိုက်မှုကို ရုရှ နိုင်ငံခြားရေးဝန်ကြီးဌာနက မငြင်းဆန်သော်လည်း ယူကရိန်းသည် ဝန်ထမ်းများနှင့် လူနာများအား ရွှေ့ပြောင်းပြီးမှ ဆေးရုံများကို တိုက်ခိုက်မှုနေရာများအဖြစ် ထားရှိ အသုံးချနေခြင်းဖြစ်သည်ဟု ပြောဆိုသည်။ 

တိုက်ခိုက်မှုနေရာတွင် ကယ်ဆယ်ရေးသမားများ မျှဝေသော ဗီဒီယိုအရ ဒဏ်ရာရသူများအား ရွှေ့ပြောင်းပေးခြင်းနှင့်အတူ လုံးလုံး ပျက်စီးနေသည်ကို မြင်တွေ့ရသည်။  

ယခု တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အရပ်သားများအပေါ် “ရိုင်းစိုင်းစွာ” အင်အားအသုံးပြုခြင်းအဖြစ် အိမ်ဖြူတော်က ရှုတ်ချပြီး ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်ကလည်း ကျင့်ဝတ် ဖောက်ပြန်ပျက်ပြားသော တိုက်ခိုက်မှုအဖြစ် ပြောဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly