ကျောက်ဆည်မြို့၌ စစ်ကောင်စီ အကြီးအကဲ ယာဉ်တန်း လမ်းရှင်းပေးသည့် ယာဉ်ထိန်းရဲများ ဗုံးပစ် တိုက်ခိုက်ခံရ

By ဂျာမုန်း
10 March 2022
ကျောက်ဆည်မြို့၌ စစ်ကောင်စီ အကြီးအကဲ ယာဉ်တန်း လမ်းရှင်းပေးသည့် ယာဉ်ထိန်းရဲများ ဗုံးပစ် တိုက်ခိုက်ခံရ

မတ် ၁၀

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ အတွင်း ဖြတ်သန်းသည့် စစ်ကောင်စီ အကြီးအကဲ ယာဉ်တန်းအား လမ်းကြောင်း ရှင်းပေးနေသည့် ရဲနှင့် ယာဉ်ထိန်းရဲ ငါးဦးကို ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) က ယမန်နေ့ မတ်လ ၉ ရက် နံနက် ၉ နာရီတွင် ဗုံးပစ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မနေ့က လူကြီး ခရီးစဉ် ရှိတယ်ဗျ။ ကျောက်ဆည်မြို့ကနေ အနောက်ဘက်ကို ဖြတ်သွားတာ။ ရှေ့က ပွိုင့်ကား ရှိမယ်၊ အိမ်စီးကား မှန်လုံကား ခြောက်စီးရှိမယ်။ ဒါကို ရဲနဲ့ ယာဉ်ထိန်းရဲက လမ်းရှင်းပေးတာ။ လမ်းဆုံတွေမှာ တစ်အုပ်စုစီပေါ့။ လူကြီး ခရီးစဉ်ကတော့ သတင်းရတာ နောက်ကျသွားတော့ ကျွန်တော်တို့ လွတ်သွားတယ်” ဟု ကျောက်ဆည်ခရိုင် ကာကွယ်ရေး တပ်ဖွဲ့ဝင်က မဇ္ဈိမ ကိုပြောသည်။

ကျောက်ဆည်မြို့၊ တံစိုးဂိတ်ရပ်ကွက် လမ်းဆုံတွင် လမ်းကြောင်းရှင်း လုံခြုံရေး ယူနေသည့် ရဲနှစ်ဦးနှင့် ယာဉ်ထိန်းရဲ သုံးဦးအား K.D.D.F က လက်ပစ်ဗုံး တစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

“သူတို့ ငါးယောက်အုပ်စု ရပ်ကွက်ထိပ်က အိမ်နားမှာ ထိုင်နေကြတာ။ အဲ့အိမ်က ထိုင်ခုံတွေ ထုတ်ပေးတယ် ထင်တယ်။ ထိုင်နေကြတုန်း လက်ပစ်နဲ့ လှမ်းထုတာ။ လက်ပစ်က သူတို့နား ကပ်ရက်လောက်ကျတယ်။ အဲ့နေရာက စကစ (စစ်ကောင်စီတပ်) ဂိတ် နှစ်ခုကြားလောက် ဆိုတော့ ကြာကြာ နေမရလို့ ပြန်ဆုတ် လာခဲ့တယ်။ အဲ့တုန်းက လူကြီးလမ်းကြောင်းလည်း ရှိတော့ လမ်းမှာ ပြည်သူ အသွားအလာ မရှိလို့ သေချာ စုံစမ်းမရဘူး ဖြစ်နေတာ။ မသေရင်တောင် ဒဏ်ရာ ပြင်းထန်နိုင်တာကို၊ ခုထိ သူတို့ကို ထိ မထိ ဘာသတင်းမှ မထွက်လာဘူး။ သူတို့ ထိုင်နေတဲ့ အနောက်က အိမ်တော့ နံရံထိပြီး မှန်တွေ ကွဲသွားလို့ မှန်တွေ အသစ်ပြန်လဲ ထားပြီ” ဟု ၎င်းက ဆက်ပြောသည်။

ယင်းတိုက်ခိုက်မှု အပြီး တံစိုးဂိတ် ရပ်ကွက် လမ်းဆုံသို့ စစ်ကားအသေး ၁၀ စီးခန့် ရောက်လာကြောင်း ကျောက်ဆည်မြို့ပေါ် အခြေအနေ ထူးခြားမှု မရှိကြောင်း သိရသည်။

#Mizzima

#ကျောက်ဆည်မြို့

#တံစိုးဂိတ်

#ယာဉ်ထိန်းရဲ

#K.D.D.F

Photo - ပုံဟောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly