ရေနံဈေး မြင့်တက်သည့်ကြား ဂျိုး ဘိုင်ဒင်၏ ဖုန်းပြောဆိုရန် စီစဉ်မှုကို ဆော်ဒီနှင့် ယူအေအီး ငြင်းဆို 

ရေနံဈေး မြင့်တက်သည့်ကြား ဂျိုး ဘိုင်ဒင်၏ ဖုန်းပြောဆိုရန် စီစဉ်မှုကို ဆော်ဒီနှင့် ယူအေအီး ငြင်းဆို 

မတ် ၁၀

ယူကရိန်းကို ရုရှ၏ ကျူးကျော်မှုကြောင့် ဖြစ်ပေါ်သော စွမ်းအင်ဈေး ထိုးတက်ခြင်းကို ထိန်းချုပ်ရန် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက ကြိုးစားလျက် ရှိချိန် မကြာသေးသော သီတင်းပတ်များ၌ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်နှင့် ဖုန်းပြောဆိုရန် စီစဉ်မှုကို ဆော်ဒီအာရေဗျနှင့် ယူအေအီး ခေါင်းဆောင်များက ငြင်းဆိုသည်။ 

ဆွေးနွေးပွဲများ ပြုလုပ်ရန် အမေရိကန်ဘက်က တောင်းဆိုခဲ့သည့်နောက် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမတ် ဘင် ဆယ်မန်နှင့် ယူအေအီး အိမ်ရှေ့မင်းသား ရှိတ် မိုဟာမတ် ဘင် ဇာယတ် အယ်လ် နာယန်တို့က ယဉ်ယဉ်ကျေးကျေး ငြင်းဆိုကာ ဂျိုး ဘိုင်ဒင်နှင့် ဖုန်းမပြောဆိုခဲ့ကြောင်း The Wall Street Journal အရ သိရသည်။ 

“ဖုန်းခေါ်ဆို ဆွေးနွေးဖြစ်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာမျိုး ရှိခဲ့တယ်၊ ဒါပေမဲ့ ဖြစ်မလာခဲ့ဘူး၊ ဆော်ဒီရေနံ ဈေးကွက် ပိုတင်သွင်းရေးအတွက် တစ်စိတ်တစ်ပိုင်း ဆွေးနွေးဖို့ပါ”ဟု ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမတ်နှင့် ဂျိုး ဘိုင်ဒင်တို့ ဖုန်းပြောဆိုနိုင်ရေးကို စီစဉ်ရသည့် အမေရိကန် တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် သီတင်းပတ်တွင် ရေနံတင်ပို့သည့်နိုင်ငံများ အိုပက်နှင့် ရုရှအပါအဝင်ဖြစ်သော မဟာမိတ်နိုင်ငံများ အုပ်စု အိုပက်+ က အနောက်နိုင်ငံများ တောင်းပန်နေသည့်ကြားမှပင် ရေနံတိုးထုတ်ရန်ကို ငြင်းဆန်ခဲ့သည်။ 

သို့ရာတွင် ရုရှ၏ ရေနံတင်သွင်းမှုကို အင်္ဂါနေ့၌ တရားဝင် တားမြစ်လိုက်ပြီးနောက် ဂျိုး ဘိုင်ဒင်အစိုးရသည် ဈေးကွက်သို့ ရေနံ ပိုဝင်ရေးအတွက် ကြိုးစားလျက် ရှိနေချိန် ဆော်ဒီအာရေဗျနှင့် အေးစက်သော ဆက်ဆံရေးသတင်း ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ ရေနံဈေးသည် ၁၄ နှစ်တာအတွင်း အမြင့်ဆုံးအဖြစ် တစ်စည် အမေရိကန်ဒေါ်လာ ၁၃၀ ဒေါ်လာဈေးအထိ တက်ခဲ့သည်။ 

သို့သော် အမေရိကန်သည် နှစ်များစွာအတွင်း ပထမဆုံးအဖြစ် ရုရှ၏ မဟာမိတ်ဖြစ်ပြီး ကမ္ဘာတွင် အရံရေနံ အများဆုံးရှိသည့် ဗင်နီဇွဲလားနှင့် သံတမန်ဆက်ဆံရေး လမ်းကြောင်းကို ဖွင့်လှစ်ခဲ့သည်။ ရေနံဈေး ထိုးတက်နေခြင်း လျော့ကျရန် ထုတ်လုပ်မှုနှုန်း တိုးမြှင့်မည့် ရှေ့ပြေးလက္ခဏာအဖြစ် ဗင်နီဇွဲလားနိုင်ငံသည် ဖမ်းဆီးထားသည့် အမေရိကန်နိုင်ငံသားနှစ်ဦးကို ပြန်လွှတ်ပြီး ဂျိုး ဘိုင်ဒင်အစိုးရထံ ချစ်ကြည်မှုလက္ခဏာ ပြလာဟန်ရှိသည်။ 

ဂျိုး ဘိုင်ဒင် အစိုးရ လက်ထက်တွင် ပင်လယ်ကွေ့ဒေသအရေး အမေရိကန်၏ မူဝါဒကြောင့် အမေရိကန်နှင့် ဆော်ဒီအာရေဗျကြား ဆက်ဆံရေးမှာ အေးစက်လျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly